ကျိုင်းတုံမြို့ရှိ မိုင်းရှာတပ်မှ ဒုတပ်ကြပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်သေဆုံး

ကျိုင်းတုံမြို့ရှိ မိုင်းရှာတပ်မှ ဒုတပ်ကြပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုင်းရှာတပ်ဖြစ်သည့် စအရ(၉၁၃)မှ တပ်ဖွဲ့ဝင်တစ်ဦး  သေနတ်ဖြင့် ပစ်ခတ်သေဆုံးမှု ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့ ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ  တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ်(၉၁၃)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း(BE)မှ ဒုတပ်ကြပ်လှမောင်သိန်းဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းသည် နောင်နွန်းဂိတ်တွင် သေဆုံးခြင်း ဖြစ်သည်ဟု သိရသည်။

ရင်ဝမှာ  သေနတ်နဲ့ ပစ်ခတ်သေဆုံးတယ်လို့ သိရတယ်။ သေနတ်နဲ့ (၄)(၅)ချက် ပစ်တာ။ သေဆုံးသွားတဲ့သူက လူပျိုပဲ။ အပြင်မှာတော့ သူ့ဘာသာ ပစ်ခတ်သေဆုံးတယ်ဆိုပြီး မဖြစ်မနေမို့ သတင်းလွှင့်ထားတာတော့ ကြားတယ်။ တကယ့် ဖြစ်စဉ်ကတော့ ကိုယ့်ဘာသာပစ်တာလား အချင်းချင်း စကားများပြီး ပစ်တာလားတော့မသိဘူး။ ည(၆)နာရီ နဲ့ (၇)နာရီအကြားမှာဖြစ်သွားတာ။

ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၂၇)ရက်နေ့တွင် ပြောသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍  ဒုတပ်ကြပ်လှမောင်သိန်းသည် မိမိကိုယ်ကိုယ် သေနတ်ဖြင့် ရင်ဘတ်ကို ပစ်ခတ်ပြီး သေဆုံးခြင်း ဖြစ်သည်၏  တြိဂံတိုင်းစစ်ဌာနချုပ်သို့ တင်ပြထားသည်ဟုသာ သိရသော်လည်း ဖြစ်ပွားရသည့် တကယ်ဖြစ်စဉ် အမှန်ကိုတော့ အတည်မပြုနိုင်သေးပါ။