တာချီလိတ်တွင် သေနတ်ဖြင့် ပစ်ဖောက်ထွက်ပြေးသွားသူ၏ နေအိမ်အတွင်းမှ မူးယစ်ဆေးဝါး နှင့် လောင်းကစား ဂိမ်းခုံများ ဖမ်းဆီးရမိ

တာချီလိတ်တွင် သေနတ်ဖြင့် ပစ်ဖောက်ထွက်ပြေးသွားသူ၏ နေအိမ်အတွင်းမှ မူးယစ်ဆေးဝါး နှင့် လောင်းကစား ဂိမ်းခုံများ ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 13, 2020
By Tachileik News Agency
တာချီလိတ်တွင် သေနတ်ဖြင့် ပစ်ဖောက်ထွက်ပြေးသွားသူ၏ နေအိမ်အတွင်းမှ မူးယစ်ဆေးဝါး နှင့် လောင်းကစား ဂိမ်းခုံများ ဖမ်းဆီးရမိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုအတွင်း၌ သေနတ်ဖြင့် ပစ်ဖောက်ကာ ထွက်ပြေးသွားသူ၏ နေအိမ်အတွင်းမှ မူးယစ်ဆေးဝါး နှင့် လောင်းကစားဂိမ်းခုံများကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိသော်လည်း တရားခံမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်၍ ရှာဖွေဖော်ထုတ်နေလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်အတွင်း 1G1 ဟိုတယ် ဧရိယာအတွင်းရှိ နတ်စင်ကို  ပီကျင်း(ခ)အကျစ်က သေနတ်ဖြင့် (၄)ချက်ဝန်းကျင် ပစ်ဖောက်ကာ ကားဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ထွက်ပြေးသွားသူသည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း၌ နေထိုင်သူဖြစ်ပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိရေးအတွက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်အောင် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေး ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ စခန်းမှူး နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ အပါအဝင် ပူးပေါင်းအဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေစဉ်  ညနေ(၄)နာရီဝန်းကျင်တွင် တရားခံ၏ နေအိမ်သို့ အမျိုးသမီးနှစ်ဦးမှ ရောက်ရှိလာပြီး  ခြံတံခါးအား လာရောက် ဖွင့်ကြောင်း   သတင်းရရှိ၍ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် အမျိုးသမီးနှစ်ဦးသည် တရားခံဖြစ်သူ ပီကျင်း(ခ)အကျစ်၏ နေအိမ်တွင် မွေးမြူထားသည့် ခွေးများကို အစာကျွေးရန်အတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့မှ ဆက်လက်၍ နေအိမ်အတွင်း ဝင်ရောက်ကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ  နေအိမ်အောက်ထပ်ရှိ အိပ်ခန်းအတွင်းမှ အိုက်စ်(ice) မူးယစ်ဆေးဝါး စုစုပေါင်း (၃၆၀)ဂရမ် နှင့် အက်တက်စီဆေးပြား ရောင်စုံ စုစုပေါင်း (၄၉)ပြားအပြင် တစ်ဦးစီဆော့ကစားရသည့် လောင်းကစားဂိမ်းစက် အသေး (၂၁)လုံးတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ပီကျင်း(ခ)အကျစ်အား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ရှာဖွေမှုများ ပြုလုပ်နေပြီး တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၈၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၄၀/၂၉၅ ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရှိရသည်။
တစ်ဖက်နိုင်ငံမှ တရားခံပြေးများ လာရောက်ခိုအောင်းလေ့ရှိသည့် နယ်စပ်မြို့ တာချီလိတ်တွင် ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလမှစ၍ မှုခင်းကျဆင်းရေးအတွက် ရက် (၉၀) ကျားမင်းစီမံချက်ကို ဆောင်ရွက်နေခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~