တာချီလိတ်တွင် လမ်းမီးတိုင်များ ပေါ်က ပြုတ်ကျနေသည့် အင်တာနက်ကြိုးများနှင့် ပတ်သက်၍ သွယ်တန်းသည့် ကုမ္ပဏီကို မသိ၍ မဖယ်ရှားနိုင်သေး

တာချီလိတ်တွင် လမ်းမီးတိုင်များ ပေါ်က ပြုတ်ကျနေသည့် အင်တာနက်ကြိုးများနှင့် ပတ်သက်၍ သွယ်တန်းသည့် ကုမ္ပဏီကို မသိ၍ မဖယ်ရှားနိုင်သေး
ဒီဇင်ဘာ 23, 2019
By Tachileik News Agency
တာချီလိတ်တွင် လမ်းမီးတိုင်များ ပေါ်က ပြုတ်ကျနေသည့် အင်တာနက်ကြိုးများနှင့် ပတ်သက်၍ 
သွယ်တန်းသည့် ကုမ္ပဏီကို မသိ၍ မဖယ်ရှားနိုင်သေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက် အာခါဈေးအနီး မီးတိုင်တွင် သွယ်တန်းထားသည့် အင်တာနက်ကြိုးများ မီးလောင်မှု နှစ်နေရာဖြစ်ပွားပြီး (၆)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့အထိ လမ်းမီးတိုင်များမှ ပြုတ်ကျနေသည့် အင်တာနက်ကြိုးအချို့ကို ရှင်းလင်းခြင်းမရှိဘဲထားသည်ကို တွေ့ရသည်။

“ကျန်တာက ဘယ်ကုမ္ပဏီတွေက ကျန်နေလဲ မသိဘူးခင်ဗျ။ ကုမ္ပဏီတွေက များနေလို့ ဘယ်ကုမ္ပဏီက ကြိုးဖြစ်မှန်း မသိဘူး။ ကြိုးတွေက တန်းလန်းတွေ ကျန်နေခဲ့တာ အများကြီးတော့ တွေ့နေရတယ်။ သူတို့ ခွေထားတဲ့ကြိုးတွေရော ဒီတိုင်း တွဲလောင်းဖြစ်နေတဲ့ကြိုးတွေရော အများကြီးတွေ့နေရတယ်။ ကျွန်တော်တို့ မီးလင်းရေးကတော့ အဲဒီနေ့ ကတည်းက ကြိုးဆွဲရမှာတွေက အားလုံးပြီးသွားပြီခင်ဗျ”ဟု မြို့မီးလင်းရေးရုံး(၂)မှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးမျိုးမြင့်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် အာခါဈေးမီးပွိုင့်အနီးရှိ လမ်းမီးတိုင်များ၌ သွယ်တန်းထားသည့် အင်တာနက် လိုင်းကြိုးများ မီးလောင်ကျွမ်းမှု ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့ နံနက် (၇)နာရီဝန်းကျင်က ဖြစ်ပွားပြီးနောက် နေဝန်းနီဆီပန့်ရှေ့ အနီးထိ မီးကူးစက်လောင်ကျွမ်းခဲ့သော်လည်း မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် အနီးဝန်းကျင်ရှိသူများက ကူညီငြှိမ်းသတ်မှုကြောင့် မီးကိုအချိန်မီထိန်းနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မီးတိုင်များမှ လျှပ်စစ်မီးကြိုးများ ပြုပြင်ခြင်းနှင့် မီးလောင်ကျွမ်းပြုတ်ကျသည့် အင်တာနက်ကြိုးများ ရှင်းလင်းခြင်းကို သက်ဆိုင်ရာကုမ္ပဏီအသီးသီးက လုပ်ဆောင်ခဲ့ကြသော်လည်း အင်တာနက်ကြိုးအချို့မှာ (၆)ရက်ကြာသည် အထိ သွယ်တန်းနိုင်ခြင်း မရှိသေးဘဲဖြစ်နေသည်ကို တွေ့ရခြင်းဖြစ်သည်။

 “မီးလောင်ပြီးကတည်းက သွယ်နေကြတဲ့ ကြိုးတွေက အခုချိန်ထိပြီးအောင်မလုပ်ဘဲ ဒီအတိုင်းပဲ ကြိုးတန်းလန်းတွေ ထားခဲ့တာ။ မီးလင်းရေးကို ဖုန်းဆက်ကြည့်တော့ သူတို့လည်း မသိဘူး ပြောတယ်။ ကြိုးတွေက တန်းလန်းတွေ ထားထားတော့ ဆိုင်ရှေ့ကားရပ်ကြမယ်ဆိုရင်တောင် ရပ်မရတော့ဘူး။ လမ်းသွားလမ်းလာတွေလည်း အန္တရာယ်များပါတယ်”ဟု အာခါဈေးအနီးရှိ ဆိုင်ရှင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းကဲ့သို့ အင်တာနက်ကြိုးများမှ မီးလောင်မှုဖြစ်ပွားခြင်းနှင့်ပတ်သက်၍ မီးတိုင်များတွင် အင်တာနက်ကြိုးများ သွယ်တန်းခွင့်ပြုထားသည့် မီးလင်းရေးကော်မတီနှင့် အင်တာနက်ကြိုး သွယ်တန်းသည့် ဆက်သွယ်ရေးကုမ္ပဏီ (၁၀) ခုတို့ တာချီလိတ်မြို့မီးလင်းရေးကော်မတီရုံးတွင် ဒီဇင်ဘာ (၂၃) ရက်နေ့ နေ့လယ်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~