နိုင်ငံခြား ဝင်ငွေရရှိမည့် ကာစီနိုများကို တာချီလိတ်တွင် တရားဝင် ဖွင့်လှစ်ခွင့်ရရှိရေးအတွက် ရွှေတြိဂံဇုန်ဟိုတယ်အသင်းက နိုင်ငံတော်သို့ တင်ပြမည်

နိုင်ငံခြား ဝင်ငွေရရှိမည့် ကာစီနိုများကို တာချီလိတ်တွင် တရားဝင် ဖွင့်လှစ်ခွင့်ရရှိရေးအတွက် ရွှေတြိဂံဇုန်ဟိုတယ်အသင်းက နိုင်ငံတော်သို့ တင်ပြမည်
ဖေဖော်ဝါရီ 9, 2020
By Tachileik News Agency

နိုင်ငံခြား ဝင်ငွေရရှိမည့် ကာစီနိုများကို တာချီလိတ်တွင် တရားဝင် ဖွင့်လှစ်ခွင့်ရရှိရေးအတွက်  ရွှေတြိဂံဇုန်ဟိုတယ်အသင်းက နိုင်ငံတော်သို့ တင်ပြမည်

တာချီလိတ်မှ လောင်းကစားလုပ်ငန်းများအား  ဖေဖော်ဝါရီလ(၆)ရက်နေ့က ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ကြပြီးနောက်  တာချီလိတ်မြို့ရှိ ဟိုတယ်များတွင် ကာစီနိုရုံများ တရားဝင် ဖွင့်ခွင့်ရရှိရေး ရွှေတြိဂံဇုန်ဟိုတယ်အသင်းမှ လုပ်ငန်းရှင်များက နိုင်ငံတော်သို့ တင်ပြမည်ဖြစ်ကြောင်း သိရသည်။

ကာစီနိုလုပ်ငန်းကို တရားဝင်ဖြစ်ဖို့အတွက် ကျွန်တော်တို့ အမြဲတမ်း တိုက်တိုက်တွန်းတွန်းနဲ့ ပြောခဲ့ပါတယ်။ စာနဲ့တင်ခဲ့တာတွေလည်း အကြိမ်ပေါင်းများစွာ ရှိပါတယ်။ တွေ့ဆုံပွဲတွေမှာလည်း ကျွန်တော်တို့ ပြောခဲ့ပါတယ်။ နောက်ပိုင်းလုပ်ငန်းရှင်အသင်းက တိုင်ပင်ပြီးတော့ ဒီဒေသမှာဖြစ်သင့်တဲ့ဘောင်အတွင်းကနေ တင်ပြသွားမယ့် အချက်တွေ အများကြီးရှိပါတယ်

ဟု  မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ ဒုတိယဥက္ကဌ ဦးအာကာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၁၉၈၆ ခုနှစ် လောင်းကစားဥပဒေကို ဖျက်သိမ်းလိုက်ပြီး ၂၀၁၉ လောင်းကစားဥပဒေကို ၂၀၁၉ ခုနှစ် မေလ (၇) ရက်နေ့တွင် နိုင်ငံတော်သမ္မတက အတည်ပြု ပြဌာန်းပေးထားခြင်းဖြစ်သော်လည်း နည်းဥပဒေမှာ လက်ရှိအချိန်ထိ စောင့်ဆိုင်းနေဆဲဖြစ်သည်။

ဟိုတယ်နှင့်ခရီးသွား လာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟိုတယ်များတွင် မြန်မာ နိုင်ငံသားများကို ကစားခွင့်မပြုဘဲ နိုင်ငံခြားသားများအတွက် သီးသန့်ဖွင့်လှစ်သည့် ကာစီနိုလုပ်ငန်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် အညီ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းအရ ကန့်သတ်ဧရိယာများတွင် တည်ရှိသည့် ဟိုတယ်များ၌ လုပ်ငန်းဆောင်ရွက်ခွင့်ပြုနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ၂၀၁၃ ခုနှစ် အမိန့်ကြော်ငြာစာတွင် ဖေါ်ပြထားခြင်းဖြစ်သည်။

နိုင်ငံတော်က FDI(နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု)ဟိုတယ်တွေ ဝင်လာတာကို တရားဝင် လက်ခံထားပြီးပြီ။ သူတို့က နိုင်ငံတော်ကနေ မြေငှားပြီးလုပ်တဲ့အတွက် နိုင်ငံတော်ကို ဆောင်ရတဲ့ငွေကလည်း တနင့်တပိုးကြီးပဲ။ သူတို့ကလည်း သူတို့ လုပ်ငန်းလည်ပတ်မှုအတွက် သူတို့ရပ်တည်ဖို့အတွက် သူတို့အနေအထားနဲ့သူတို့ နားလည်မှုနဲ့ သွားနေတာတွေရှိပါတယ်

ဟု  မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ နာယက ဦးစိုးရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ် တာချီလိတ်မြို့တွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း (၅၃) လုံးရှိနေပြီး ၂၀၂၀ ခုနှစ်အထိ ကာစီနိုလုပ်ငန်းကို တရားဝင် လုပ်ကိုင်ခွင့်ရရှိထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ် (၃) ခုသာရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက်ပိုင်းက တောင်ကြီးခရီးစဉ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲ၌ နယ်စပ်ဒေသတာချီလိတ်မြို့တွင် လောင်းကစားငမန်းဂိမ်းခုံများအား ဖမ်းဆီးရန် နှုတ်ဖြင့် ပြောကြားခဲ့ပြီးနောက် တာချီလိတ်မြို့တွင်း ဖွင့်လှစ်ထားသည့် ငါးမန်းဂိမ်းဆိုင်အချို့ကို ဖမ်းဆီးခြင်းနှင့် ဟိုတယ်များတွင် ဝင်ရောက် စစ်ဆေးမှုများကို  ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ (၆) ရက်နေ့မှစတင်ကာ ဆောင်ရွက်လာကြခြင်းဖြစ်သည်။

အသစ်ပြဌာန်းလိုက်သည့် လောင်းကစားဥပဒေတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ကာ ကာစီနိုများကို ဖွင့်ခွင့်ရရှိမည်ဖြစ်သော်လည်း မြန်မာနိုင်ငံသားများ ဝင်ရောက် လောင်းကစားခြင်းမပြုရန်လည်း ကန့်သတ်ထားခြင်း ဖြစ်သည်။

တာချီလိတ်တွင် နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ၂၀၁၈ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ခရီးစဉ်အတွင်း တာချီလိတ်မှ ဟိုတယ်၊ ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင်  ဟိုတယ်လုပ်ငန်းရှင်အချို့က ကာစီနိုလောင်းကစားဝိုင်းများ ခွင့်ပြုရေးအတွက် တင်ပြခဲ့ဖူးသည်ကိုလည်း တွေ့ရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~