တာချီလိတ်ရှိ တံတား(၁)တွင် ကျန်းမာရေးစစ်ဆေးမှု ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အဆောက်အဦ အလျင်အမြန် လိုအပ်နေ

တာချီလိတ်ရှိ တံတား(၁)တွင် ကျန်းမာရေးစစ်ဆေးမှု ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အဆောက်အဦ အလျင်အမြန် လိုအပ်နေ
ဖေဖော်ဝါရီ 1, 2020
By Tachileik News Agency
တာချီလိတ်ရှိ တံတား(၁)တွင် ကျန်းမာရေးစစ်ဆေးမှု ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အဆောက်အဦ အလျင်အမြန် လိုအပ်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ အဓိက နယ်စပ်ဝင်ထွက်ပေါက်ဖြစ်သည့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ ဝင်ရောက်လာသူများအား ကူးစက်ရောဂါ အမြဲတမ်း စောင့်ကြည့်စစ်ဆေးမည့် Thermal Scanner စက် တပ်ဆင်ရန် ကျန်းမာရေးဌာနအတွက် အဆောက်အဦ အလျင်အမြန် လိုအပ်နေကြောင်း သိရသည်။

“အမှန်တကယ်Standard Protocol အရ ပြောရမယ်ဆိုရင် ကျန်းမာရေးဌာနက ဘယ်ဌာနနဲ့မှ မထိတွေ့ခင် အရင်ဆုံး ထိတွေ့ရမယ့် ဌာနဖြစ်တယ်။ မဟုတ်ရင် အရင်ထိတွေ့ခဲ့တဲ့ ဝန်ထမ်းတွေကို ရောဂါကူးပြီးမှ ဒီဘက်ကို ရောက်လာမှာ။ အခု ကျွန်တော်တို့ဌာနက နောက်ဆုံးမှာဖြစ်နေတယ်။ လက်ရှိနေရာကလည်း အကန့်အသတ်တွေ ရှိနေတယ်။ Thermal Scanner စက် မှာ အလင်းရောင်တွေ ဝင်နေတာမျိုး၊ နေရောင်ခြည် ဝင်နေတဲ့ ဟာမျိုးတွေကြောင့် တစ်ချို့ Error လေးတွေ ရှိတယ်။ နောက်တစ်ခုက တစ်ခြားဌာနနဲ့ တွဲနေလို့လည်း မဖြစ်ဘူး။ အဆောက်အဦသီးသန့် အမြန်ဆုံးဆောက်နိုင်မှ အဆင်ပြေမယ်။ Thermal Scanner ကို အပြင်မှာထားလို့လည်း မရဘူး”

ဟု ပြည်နယ် ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ အစပြုသည့် ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်) ကူးစက်ပျံ့နှံ့မှုကြောင့် နယ်စပ်ဝင်ပေါက်များတွင် ဝင်ရောက်လာသူများကို ကိုယ်အပူချိန်တိုင်းတာစစ်ဆေးမှုများ လုပ်ဆောင်နေရာ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ် (၁) တံတားတွင် ကျန်းမာရေးဌာန၏ အဆောက်အဦ မရှိသဖြင့် လုံခြုံရေးနှင့်ဗီဇာစစ်ဆေးရေးဌာန၏ရုံးခန်းတွင် Thermal Scanner ကို ယာယီတပ်ဆင် ဆောင်ရွက်နေရခြင်း ဖြစ်သည်။

 “အခု ဒီနှစ်ဘတ်ဂျက်ပါလာပြီ။ တာချီလိတ်ခရိုင်စီခန့်ကလည်း မြေနေရာအသုံးချခွင့် တင်ပြလာတာကို ပြည်နယ်အစိုးရက အတည်ပြုထားပြီးပြီ။ လဝကဘေးနားလေးမှာပဲ။ အဲဒီမှာ ဘတ်ဂျက်က ကျပြီးသားဆိုတော့ မကြာမီသူတို့ အဆောက်အဦဆောက်ပြီး Thermal Scanner တပ်လို့ရပြီ။ လွန်ခဲ့တဲ့သုံးပတ်လောက်ကပဲ အတည်ပြုပေးထားတာ”

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် ပြောသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁) ထိုင်းနိုင်ငံဘက်မှ မြန်မာဘက် အဝင်ခြမ်းတွင် အကောက်ခွန်၊ အာမခံ၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ လုံခြုံရေးနှင့် ဗီဇာစစ်ဆေးရေးဌာနတို့ ရှိနေပြီး ကျန်းမာရေးဌာနအတွက် မပါသဖြင့် လုံခြုံရေးနှင့် ဗီဇာစစ်ဆေးရေးဌာနတွင် ယာယီနေရာချထားပေးခြင်းဖြစ်သည်။

“ကျွန်တော်တို့ဌာနအတွက် နေရာကြည့်တော့ တံတားကနေ ဝင်ဝင်ချင်းနေရာမှာက မရတော့ဘူး။ စဆောက်ကတည်းက ဒါတွေက ထည့်သွင်းစဉ်းစားခဲ့ရမှာဖြစ်ပေမဲ့ မပါခဲ့တော့ အခုမှ ကျန်တဲ့နေရာကို ပြန်ယူရတာမျိုးဖြစ်တာပေါ့။ မြေနေရာကိုလည်း ရှမ်းပြည်နယ်အစိုးရက အတည်ပြုပေးထားပြီးပြီဆိုတော့ အဆောက်အဦကို မြန်မြန်ပြီးအောင် ဆောက်သွားမှာပါ။ အဲဒီမှာ သာမိုစကင်ထားပြီးတော့ စစ်ဆေးမှုတွေ လုပ်သွားနိုင်မှာပါ။ ကျွန်တော်တို့ ပညာရှင်ရချင်တဲ့ ဝင်ဝင်ချင်း စစ်ဆေးတာကတော့ နေရာအခက်အခဲကြောင့် မရနိုင်ဘူးဖြစ်နေတယ်” 

ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။

ကျန်းမာရေးဌာနက ကူးစက်ရောဂါစောင့်ကြည့်စစ်ဆေးရေးအတွက် နယ်စပ်တံတားအဝင်နေရာတွင် မြေနေရာ မရတော့သည့်အတွက် တံတားအဝင်ဘက်ခြမ်းရှိ အခြားရုံးခန်းအဆောက်အဦများ၏နောက် လွတ်နေသည့် မြေနေရာတွင် အဆောက်အဦ တည်ဆောက်နိုင်ရေး လုပ်ဆောင်နေပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

လက်ရှိတွင် တာချီလိတ်ဘက်သို့ မယ်ဆိုင်ဘက်မှ အဝင် တစ်နေ့လျှင် လူဦးရေ တစ်သောင်းကျော်ကို ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~