တာချီလိတ်တွင် Covid-19 ပိုးတွေ့ လူနာ အမျိုးသမီးသည် KTV သို့ (၃)ရက် ဆက်တိုက် သွားရောက်ခဲ့

တာချီလိတ်တွင် Covid-19 ပိုးတွေ့ လူနာ အမျိုးသမီးသည် KTV သို့ (၃)ရက် ဆက်တိုက် သွားရောက်ခဲ့
ဇူလိုင် 1, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ယနေ့ ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းက  Covid-19 လာရောက်စစ်ဆေးရာမှ  Covid-19 ပိုးတွေ့ရသည့် အမျိုးသမီးတစ်ဦးသည် (၁၀)ရက်အတွင်း KTV နှင့် စားသောက်များကို သွားရောက်ခဲ့သူ ဖြစ်ကြောင်း သက်ဆိုင်ရာ စစ်ဆေးမေးမြန်းချက်များအရ သိရသည်။

ယနေ့ Covid-19 ပိုးတွေ့ရသည့် အမျိုးသမီးသည် အသက်(၂၂)ရွယ်ဖြစ်ပြီး တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ဆင်(၅)ကောင် နေအိမ်လိုင်းခန်းတိုက်တန်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

၎င်းသည် ၂၀၂၁ခုနှစ် ဇွန်လ(၂၂)ရက်နေ့ နှင့် ဇွန်လ(၂၄)ရက်နေ့ ညနေပိုင်းက ဆန်ဆိုင်းရပ်ကွက်အတွင်း မြို့ရှောင်လမ်းဘေးရှိ ခွန်လှဖန်  စားသောက်ဆိုင်ကို သွားရောက်ခဲ့ကြောင်း နှင့် ဇွန်လ(၂၆)ရက်နေ့တွင် မေဖလားဝါးအတွင်းရှိ CJ စားသောက်ဆိုင်သို့လည်း သွားရောက်ခဲ့သည်ဟု သိရသည်။

ယင်းအပြင် ဇွန်လ(၂၆)ရက်နေ့မှ ဇွန်လ(၂၈)ရက်နေ့အထိ 1G1 ဟိုတယ်ရှိ KTV သို့ သွားရောက်ခဲ့ကြောင်း ပြန်လည်ပြောပြသည့်အတွက် သက်ဆိုင်ရာများက ထိတွေ့သူများကို အသွားအလာ ကန့်သတ်ထားရှိရေး Lockdown ပြုလုပ်ရေးများအတွက် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။

KTV နှင့် စားသောက်ဆိုင်များသို့ အဆိုပါနေ့များအတွင်း သွားရောက်ခဲ့သူများရှိပါက တာချီလိတ်ဆေးရုံဟောင်းအတွင်းရှိ Fever Clinic သို့ ‌နေ့စဉ် နံနက်(၈)နာရီမှ နေ့လည်(၂)နာရီအချိန်အထိ လာရောက်စစ်ဆေးနိုင်ကြောင်း သက်ဆိုင်ရာများက အသိပေးထားရှိသည်။

တာချီလိတ်မြို့တွင် Online Game လောင်းကစား လုပ်ငန်းတွင် လုပ်ကိုင်သည့် ထိုင်းအမျိုးသမီးအပါအဝင် အမျိုးသမီး(၃)ဦးကို ဇွန်လ(၂၈)ရက်နေ့က Covid-19 စတင်တွေ့ရှိခဲ့ပြီး ထိတွေ့သူလည်း (၃၀၀)ကျော်ရှိခဲ့သည့်အပြင် ယနေ့လည်း ညနေ(၃)နာရီဝန်းကျင်အထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၆)ဦး ထပ်တိုးလာသည့်အတွက် တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း (၉)ဦးအထိ ရှိနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ညမထွက်အဖြစ် ည(၈)နာရီမှ နံနက်(၄)နာရီအတွင်း အမိန့်ထုတ်ပြန်ထားသော်လည်း ည(၈)နာရီအထက် ကျော်လွန်ပြီး KTV,Club,Bar နှင့် စားသောက်ဆိုင်များကို ဒေသအာဏာပိုင်များက ဖွင့်လှစ်ခွင့်ပြုထားသည်။