တာချီလိတ် ယာဉ်ထိန်းရဲရုံးရှေ့ တည့်တည့်တွင် ထိုင်း (၂၄)ဘီး တွဲကားနှင့် ဆိုင်ကယ် တိုက်မိပြီး အမျိုးသမီး တစ်ဦး သေဆုံး

တာချီလိတ် ယာဉ်ထိန်းရဲရုံးရှေ့ တည့်တည့်တွင် ထိုင်း (၂၄)ဘီး တွဲကားနှင့် ဆိုင်ကယ် တိုက်မိပြီး အမျိုးသမီး တစ်ဦး သေဆုံး
ဖေဖော်ဝါရီ 11, 2023 | မှုခင်းသတင်း| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့  ယာဉ်ထိန်းရုံးရှေ့တည့်တည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ထိုင်း(၂၄)ဘီး တွဲကားနှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီးတစ်ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ရန်အောင်မြေရပ်ကွက်အပိုင်း အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)ရုံးရှေ့ တည့်တည့် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်တွင် ထိုင်းဘက်သို့ ပြန်ရန်အတွက် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားဘက်သို့ ဦးတည်မောင်းနေသည့် (၂၄)ဘီးတွဲကား ထိုင်းယာဉ် နှင့် အမျိုးသမီးတစ်ဦးမောင်းလာသည့် ဆိုင်ကယ်နှင့် တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။ 

သေဆုံးသွားသည့် ဆိုင်ကယ်မောင်းလာသော အမျိုးသမီးသည် ကျိုင်းတုံမြို့ နောင်ခေရွာတွင် နေထိုင်သူ အသက်(၂၆)နှစ်အရွယ် မနန်းဟွမ်ဖောင်းဆိုသူ ဖြစ်ကြောင်းနှင့် သေဆုံးသူ၏ ရုပ်အလောင်းအား ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းက တာချီလိတ်ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။ 

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး  အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်) စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယခုလအတွင်း၌ ယာဉ်တိုက်မှုများ နေ့စဉ် နေ့ရော ညပါ ဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရရှိမှုကနေ လူသေဆုံးသည်အထိ ဖြစ်ပွားမှုများနေကြောင်း သိရသည်။

 

Photo: ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း