ကျောက်မဲမြို့နယ်အတွင်း တွဲကားနှင့် တိုက်မိရာမှ ဆိုင်ကယ်စီး လူငယ်(၂)ဦး သေဆုံး

ကျောက်မဲမြို့နယ်အတွင်း တွဲကားနှင့် တိုက်မိရာမှ ဆိုင်ကယ်စီး လူငယ်(၂)ဦး သေဆုံး

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စုအတွင်းရှိ ကားလမ်းပေါ်တွင် တွဲကားနှင့်ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်စီးလာသည့် လူငယ်(၂)ဦး နေရာတွင် သေဆုံးသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောင်ချိုဘက်က လာသည့် တွဲကားနှင့် လူငယ်(၂)ဦး စီးလာသည့် ဆိုင်ကယ်တို့ ခိုမုန်းကျေးရွာအုပ်စုအတွင်း ပလောင်ရွာသစ်အနီး နမ့်ဟူးရွာဘုန်းကြီးကျောင်းအကျော် ကားလမ်းပေါ်တွင် အရှိန်ပြင်းစွာတိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ယနေ့ ၂၀၂၃ခုနှစ် မေလ(၂၆)ရက်နေ့ နံနက်(၇)နာရီကျော်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လူငယ် (၂)ဦးမှာ တစ်ယောက်တစ်နေရာစီ လွှင့်ထွက်သွားသလို ဦးခေါင်းတွင် ဆိုးရွားစွာပြင်းထန်သည့် ဒဏ်ရာရရှိကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ အလောင်းများကို နမ့်ခုံးရှမ်းများပရဟိတအသင်း(ကျောက်မဲအသင်းခွဲ)က အခင်းဖြစ်ပွားရာနေရာကနေ သယ်ဆောင်ပြီး ကျောက်မဲဆေးရုံရှိ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

 

Photo: နမ့်ခုံးရှမ်းများပရဟိတအသင်း(ကျောက်မဲအသင်းခွဲ)