မူဆယ် - ကျင်စန်းကျော့ဂိတ်သွားရာလမ်းတွင် ၂၂ ဘီးတွဲကား တိမ်းမှောက်ပြီး ယာဉ်ငယ်ပေါ် ပိမိရာမှ (၆)ဦး သေဆုံး

  Photo: MFSD
  Photo: MFSD
မူဆယ် - ကျင်စန်းကျော့ဂိတ်သွားရာလမ်းတွင် ၂၂ ဘီးတွဲကား တိမ်းမှောက်ပြီး ယာဉ်ငယ်ပေါ် ပိမိရာမှ (၆)ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် - ကျင်စန်းကျော့ဂိတ်သွားရာလမ်းတွင် (၂၂)ဘီး တွဲကားတစ်စီး တိမ်းမှောက်ပြီး ယာဉ်ငယ်ပေါ် ပိမိရာမှ ယာဉ်ပေါ်ပါ (၆)ဦးစလုံး သေဆုံးသွားကြောင်း သိရသည်။

မူဆယ် မှ ကျင်စန်းကျော့ဂိတ်သို့ သွားရာလမ်းတွင် ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့၏ နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်က သဲများတင်ဆောင်လာသည့် (၂၂)ဘီး တွဲကားသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာမှ တစ်ဘက် ယာဉ်ကြောကနေ မောင်းနှင်လာသည့် Nissan အမျိုးအစား ယာဉ်ပေါ်သို့ ပိမိသွားခြင်း ဖြစ်သည်။

ယင်းသို့ ပိမိသွားခြင်းကြောင့် Nissan ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး နှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း (၆)ဦးစလုံးမှာ သေဆုံးသွားကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ နေရာသို့ မူဆယ်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့အပါအဝင် မြင့်မြတ်ပါရမီပရဟိတအသင်း၊  ပါရမီပရဟိတအသင်း၊ မောက်ကွမ်တိုင်းပရဟိတအသင်း နှင့် လက်ဘက်ညွန်ပရဟိတအသင်းတို့ ရောက်ရှိပြီး ရှာဖွေကယ်ဆယ်ရေးများ ကူညီ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။