တန့်ယန်းမြို့တွင် ဖျော်ဖြေပွဲဖြင့် ကျင်းပမည့် သင်္ကြန်ပွဲ ဖျက်သိမ်း

တန့်ယန်းမြို့တွင် ဖျော်ဖြေပွဲဖြင့် ကျင်းပမည့် သင်္ကြန်ပွဲ ဖျက်သိမ်း
ဧပြီ 7, 2021 | ရှမ်းမြောက်

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့တွင် စစ်အာဏာသိမ်းကာလအတွင်း သင်္ကြန်ပွဲကျင်းပမည်ဖြစ်ကြောင်း အသိပေးကြေညာထားပြီးနောက် ဒေသခံပြည်သူများ၏ သဘောမတူမှုနှင့်အတူ ဝေဖန်မှုများကြောင့် ပွဲအစီအစဉ်ကို ဖျက်လိုက်ပြီး ပွဲကြော်ငြာ ဗီနိုင်းများအား ဖြုတ်သိမ်းသွားသည်ကို ယနေ့ ၂၀၂၁ခုနှစ် ဧပြီလ(၇)ရက်နေ့တွင် တွေ့ရသည်။

တန့်ယန်းသင်္ကြန်ပွဲကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ မြို့နယ်အဆင့်အဖွဲက စည်ကားသိုက်မြိုက်စွာ  ကျင်းပနိုင်ရန် လောင်းကစားဒိုင်များက အဓိက ပံ့ပိုးပေးထားခြင်း ဖြစ်ကြောင်းလည်း ဒေသခံများထံက သိရသည်။ 

"အဲ့ဒီ သင်္ကြန်ပွဲကိုလုပ်ဖို့ လောင်းကစားဒိုင်တွေက စီစဉ်နေကြတာလို့ သိရတယ်။ ဒါပေမယ့် ပွဲမကျင်းပရတော့ဘူးလို့လည်း ကြားရပြန်တယ်။ဒါကြောင့် အဲ့ဒီဗီနိုင်းကို ပြန်ဖြုတ်သွားတယ်။ မနေ့ညပိုင်းအထိ ဗီနိုင်းချိတ်ထားတာတွေ့သေးတယ်။ ဒီမနက်ကျတော့ မရှိတော့ဘူး။ ပွဲမကျင်းပဖြစ်တော့ဘူးဆိုရင်တော့ အတိုင်းထက်အလွန်ဝမ်းသာတာပေါ့ဗျာ"ဟု တန့်ယန်းဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၇)ရက်နေ့တွင် ပြောသည်။

သင်္ကြန်ပွဲတော်အား တန့်ယန်းမြို့၏ အောင်မင်္ဂလာရင်ပြင်တွင် (၄)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရင်ပြင်အဝင်ပေါက်ဆိုင်းဘုတ်အောက်တွင်  ဧပြီလ(၅)ရက်နေ့ကစ၍  ဗီနိုင်းဖြင့်ချိတ်ဆွဲ‌ကာ အသိပေး ကြော်ငြာထားခြင်း ဖြစ်ပြီး ယနေ့ ဧပြီလ(၇)ရက်နေ့တွင် ဖြုတ်သိမ်းလိုက်ပြီဖြစ်သည်။

တန့်ယန်းမြို့တွင် သင်္ကြန်ပွဲကို ဖျော်ဖြေပွဲများနှင့်အတူ ကျင်းပမည့်အကြောင်းကို သတင်းမီဒီယာများတွင် ဖော်ပြထားရှိပြီးနောက်တွင် ဖျော်ဖြေရန်အတွက် ဖိတ်ကြားထားသည့် တေးသံရှင်နှင့် DJ အပါအဝင် (၇)ဦးအနက် (၂)ဦးသည် ၎င်းတို့၏ Facebook စာမျက်နှာပေါ်ကနေ တဆင့် အဆိုပါပွဲနှင့် ပတ်သက်၍ သွားရောက် ဖျော်ဖြေတော့မည်မဟုတ်ကြောင်းကိုလည်း အသိပေး ရှင်းလင်းရေးသားထားသည်ကို တွေ့ရသည်။



တန့်ယန်းမြို့တွင်  ဆန္ဒဖော်ထုတ်ပွဲများရပ်နားထားပြီဖြစ်သော်လည်း ပျော်ပွဲရွှင်ပွဲများပြုလုပ်ကျင်းပမည်ကို မြို့ခံများက မလိုလား‌ကြောင်းသိရသည်။

 

မြန်မာနိုင်ငံအတွင်း၌ မြို့တော်တော်များများတွင် ၂၀၂၁ သင်္ကြန်ပွဲတော်အား နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့ကြောင့်် ကျဆုံးခဲ့ရသည်ကို ငဲ့ကွက်ပြီး မကျင်းပရန် စစ်အာဏာရှင်ဆန့်ကျင်သည့် လူငယ်များက မေတ္တာရပ်ခံကာ တောင်းဆိုထားကြသည်။