တာချီလိတ်တွင် မြို့မသုဿန်သစ်(ပုံလို့) ရေစက်ချပွဲနှင့် မတည်အလှူရှင် ဦးအားဖာအတွက် လွမ်းစေတီ စိန်ဖူးတော်တင်လှူ

တာချီလိတ်တွင် မြို့မသုဿန်သစ်(ပုံလို့) ရေစက်ချပွဲနှင့် မတည်အလှူရှင် ဦးအားဖာအတွက် လွမ်းစေတီ စိန်ဖူးတော်တင်လှူ
ဇန်နဝါရီ 29, 2020
By Tachileik News Agency
 

တာချီလိတ်တွင် မြို့မသုဿန်သစ်(ပုံလို့) ရေစက်ချပွဲနှင့် မတည်အလှူရှင် ဦးအားဖာအတွက် လွမ်းစေတီ စိန်ဖူးတော်တင်လှူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အများပြည်သူ လှူဒါန်းငွေဖြင့် တည်ဆောက်နေသည့် မြို့မသုဿန်သစ်(ပုံလို့) ရေစက်ချပွဲနှင့် သုဿန်သစ်၏ မတည်အလှူရှင်အား ရည်စူးတည်ထားသည့် လွမ်းစေတီ စိန်ဖူးတော်တင်လှူပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ကျင်းပသည်။

“သုဿန်က အားလုံးပြီးသွားရင်တော့ စည်ပင်ကို လွှဲပေးမှာပေါ့။ ဒါပေမဲ့ ကော်မတီကတော့ ဆက်ပြီးတော့ ရှိနေမှာပါ။ တည်ဆောက်ရေး လုပ်ငန်းတွေကလည်း အများကြီး ကျန်သေးတယ်။ အခုတည်ဆောက်ပြီးတဲ့အထိ ဘတ်သိန်းပေါင်း (၂၀၀)ကျော်ကုန်သွားပြီ။ သိန်းပေါင်း (၂၀၀)ကျော် မှာက အောက်က လမ်းဖေါက်တာတို့အပါအဝင် တည်ဆောက်ရေးလုပ်ငန်း အားလုံးပါတာပေါ့။ အောက်က လမ်းဖေါက်တာကလည်း ကွန်ကရစ်လမ်းခင်းဖို့လုပ်တာမှာ ကိုအားဖာကလည်း ဆုံးသွားတော့ ငွေကမလောက်တော့ ကွန်ကရစ်လမ်းတော့ မခင်းရသေးဘူးပေါ့။ ရထားတဲ့ငွေထဲက ဘဏ်ထဲမှာ ကျပ်သိန်း (၆၀၀) လောက်တော့ရှိသေးတယ်။ ရှိသေးတယ်ဆိုပေမဲ့ မီးသဂြိုလ်စက်ကလည်း မဖွင့်ကြည့်ရသေးတဲ့အတွက် ထိုင်းနဲ့စာချုပ်ချုပ်ထားတဲ့ဟာကို ဘတ်(၇)သိန်းနဲ့ (၄)သောင်းလောက်တော့ ပေးဖို့ကျန်သေးတယ်”

ဟု မြို့မသုဿန်သစ် (ပုံလို့)တည်ဆောက်ရေးကော်မတီ ဥက္ကဌ  ဦးစံသိန်း( ဒုရဲမှူး )က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိအသုံးပြုနေသည့် ပုန်းထွန်ရပ်ကွက်မှ မြို့မသုသာန်မှာ လူနေအိမ်များတိုးချဲ့လာမှုကြောင့် ရပ်ကွက်နှင့် နီးကပ်နေပြီး မီးသင်္ဂြိုဟ်စက်မရှိသဖြင့် တာယာဟောင်းများဖြင့် မီးရှို့သည့်ညှော်နံ့များကို ပတ်ဝန်းကျင်လူနေအိမ်များက ခံစားနေရသည့်အတွက် ပုံလို့တောရကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂဓမ္မ၊ အဘိဝိသေသလဇ္ဇိပေသလ သာသနာလင်္ကာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစာရ မှ စွန့်ကြဲလှူဒါန်းပေးသည့် တောင်ပေါ်မြေ (၁၆) ဧကကျော်ကို တောင်ထိပ်အမြင့်(၁၅) ပေခန့် တူးထုတ်မြေညှိကာ မီးသင်္ဂြိုဟ်စက်နှင့် အရိုးပြာများမြုပ်နှံရာ သုဿန်သစ် တည်ဆောက်နေခြင်းဖြစ်သည်။

တာချီလိတ်မြို့နှင့် တစ်မိုင်ခန့်အကွာရှိ ပုံလို့ကျောင်းတိုက် ဆရာတော်က လှူဒါန်းထားသည့် တောင်ပေါ်ရှိ မြေ (၁၆)ဧကတွင် လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအားဖာက မတည်ငွေနှင့် လုပ်ငန်းရှင်များ၏ ပူးပေါင်း အလှူငွေတို့ဖြင့် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ မြို့မသုဿန်သစ်ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့မသုဿန်သစ်တွင် မီးသင်္ဂြိုဟ်စက် (၂) လုံး၊ လူ (၅၀၀) ဆံ့ တရားနာဇရပ်တစ်ဆောင်၊ သန့်စင်ခန်းအလုံးရေ (၂၀) ၊ ပေ (၃၉၀) အနက်မြေအောက်စက်ရေတွင်း တစ်တွင်း၊ တစ်မိုင်အရှည်ခန့် မြေသားလမ်းတို့ကို တည်ဆောက်ပြီးစီးသွားပြီး အရိုးပြာအိုးမြုပ်နှံမည့် အဆောက်အဦများ ဆက်လက်တည်ဆောက်နေကြောင်း သိရသည်။

ပုံလို့ မြို့မသုဿန်သစ် တည်ဆောက်ရေး မတည်အလှူရှင် ဦးအားဖာမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့၌ တာချီလိတ်မြို့ အာခါဈေးမီးပွိုင့်တွင် မီးနီစောင့်ဆိုင်းနေစဉ် သေနတ်သမားနှစ်ဦးက ပစ်သတ်သွားခဲ့ပြီး အမှုကို လက်ရှိအချိန်ထိ ဖေါ်ထုတ်နေဆဲဖြစ်သည်။

မြို့မသုသာန်သစ်(ပုံလို့) မြေနေရာကို သုသာန်မြေအဖြစ် တရားဝင်သတ်မှတ်နိုင်ရန် ပြည်နယ်အစိုးရထံ တင်ပြထားဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - အောင်ကျော်ဝင်းစိန်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~