ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် ကား/ဆိုင်ကယ်ဖြင့် ဝင်ရောက်လာသူ အားလုံးကိုပါ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးတော့မည်

ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် ကား/ဆိုင်ကယ်ဖြင့် ဝင်ရောက်လာသူ အားလုံးကိုပါ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးတော့မည်
ဇန်နဝါရီ 31, 2020
By Tachileik News Agency

 ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် ကား/ဆိုင်ကယ်ဖြင့် ဝင်ရောက်လာသူ အားလုံးကိုပါ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးတော့မည်

 ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် တာချီလိတ်ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်တွင်  ခြေလျင် ဖြတ်သန်းဝင်ရောက်သူများကို ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း လုပ်ဆောင်နေရာမှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့မှစပြီး ကား၊ဆိုင်ကယ်ဖြင့် ဝင်ရောက်သူများကိုပါ စစ်ဆေးတော့မည် ဖြစ်သည်။

"အရင်တုန်းကတော့ တတိယနိုင်ငံသားတွေကိုပဲ စစ်ဆေးနိုင်တာ။ အခုရောဂါပျံ့နှံ့လာတဲ့ အနေအထားမှာ ကျွန်တော်တို့ နိုင်ငံထဲကို ဝင်လာတဲ့သူတိုင်းကို စစ်ဆေးမှသာ ရောဂါထိန်းချုပ်နိုင်ရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ တံတားပေါ်မှာ Scanner စက်တပ်လိုက်တော့ လမ်းလျှောက်လာတဲ့သူတွေကိုပဲ စစ်ဆေး နိုင်သေးတာပေါ့။ ကားနဲ့ဝင်တဲ့သူ၊ ဆိုင်ကယ်နဲ့ဝင်တဲ့သူတွေကို မစစ်ဆေးနိုင်သေးဘူးပေါ့။ ကားနဲ့ ဆိုင်ကယ်နဲ့ လာတဲ့သူတွေကို လမ်းဆင်းလျှောက်ခိုင်းပြီးတော့ အပူငွေ့တိုင်းတဲ့ လက်ကိုင်စက်နဲ့ စစ်ဆေးပါမယ်။ ဒီလို စစ်ဆေးတဲ့အချိန်မှာ တံတားပေါ်မှာ ယာဉ်ကြောကြပ်တည်းမှု အနည်းငယ်ဖြစ်ပါမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ကျန်းမာရေး အခြေအနေ၊ လုံခြုံရေးအခြေအနေအရ လုပ်ရပါမယ်"

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ် (၁) တံတားတွင် မယ်ဆိုင်ဘက်မှ ဝင်လာသည့် တတိယနိုင်ငံသားများအား ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်) စစ်ဆေးခြင်းကို ဇန်နဝါရီလ (၁) ရက်နေ့၌ စတင်ခဲ့ပြီးနောက် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် Thermal Scanner တပ်ဆင်ပြီးနောက် လမ်းလျှောက်ဖြတ်သန်းသူအားလုံးကို စစ်ဆေးနိုင်လာခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်အတွင်း ထိုင်းနိုင်ငံနှင့် နယ်စပ်ဝင်ပေါက်များဖြစ်သည့် မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၁) တံတား၊  မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၂) တံတား၊ လာအိုနိုင်ငံနှင့် နယ်စပ်ဖြစ်သည့် မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်း၊ ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအိုချစ်ကြည်ရေးတံတားနှင့် တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သည့် မိုင်းယုနယ်စပ်ဝင်ပေါက်များတွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် အပူချိန်တိုင်းတာမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~