တာချီလိတ်မြို့တွင် စားသောက်ဆိုင် တစ်ဆိုင်၌ ထိုင်းနိုင်ငံသားများ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး (၃)ဦး ဒဏ်ရာရရှိ

တာချီလိတ်မြို့တွင် စားသောက်ဆိုင် တစ်ဆိုင်၌ ထိုင်းနိုင်ငံသားများ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး (၃)ဦး ဒဏ်ရာရရှိ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းဘေး၌ ဖွင့်လှစ်ထားသည့် @16 စားသောက်ဆိုင်တွင် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားပြီး ထိုင်းနိုင်ငံသား(၃)ဦး ကျည်မှန်ဒဏ်ရာများ ရရှိကာ ဆေးကုသမှု ခံယူနေရကြောင်း နှင့် ပစ်ခတ်သူမှာ ထွက်ပြေးသွားကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဇွန်လ(၁၇)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းဘေး၌ ဖွင့်လှစ်ထားသည့် @16 စားသောက်ဆိုင်တွင် ထိုင်းနိုင်ငံသားများပါဝင်သည့် လူငယ်(၁၀)ဦးဝန်းကျင်မှာ စားသောက်နေကြစဉ် လူငယ်(၁)ဦးမှ သေနတ်ဖြင့် အချက်များစွာ လာရောက် ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက်(၂၈)နှစ်ဝန်းကျင်ရှိ ထိုင်းအမျိုးသမီး ပလိချိုင်ကမ်းပါးမှာ ပေါင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာနှင့် ခါးတွင် ကျည်ရှပ်ထိထားသည့် ဒဏ်ရာရရှိသွားသလို အသက်(၂၆)နှစ်ဝန်းကျင်ရှိသည့် အထာစစ်ဝက်အုရိုင် နှင့် ဖာနုချစ်ဖန်းစနစ်တို့၏ ပေါင်တို့တွင်လည်း ကျည် ဖောက်ဝင် ဒဏ်ရာများရရှိခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်မှာ ထိုင်းနိုင်ငံသားအချင်းချင်း ပစ်ခတ်မှုဖြစ်ခြင်းသာ ဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ကာ တိမ်းရှောင်သွားသူကို ဖမ်းဆီးရမိရေးအတွက်  ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခံရသူများကို စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် နည်းလမ်းမျိုးစုံဖြင့် လာရောက်နေထိုင်သည့် ထိုင်းနိုင်ငံသား အများအပြားရှိနေရာ များသောအားဖြင့် ၎င်းတို့သည် သေနတ်များ ကိုင်ဆောင်လေ့ရှိပြီး အချင်းချင်း ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။