တာချီလိတ်မြို့တွင် ည(၁၀)နာရီမှ နံနက်(၄)နာရီအတွင်း အပြင်ထွက် သွားလာခြင်း မပြုရန် ကားဖြင့် လှည့်လည်အသိပေးနေ

တာချီလိတ်မြို့တွင် ည(၁၀)နာရီမှ နံနက်(၄)နာရီအတွင်း အပြင်ထွက် သွားလာခြင်း မပြုရန် ကားဖြင့် လှည့်လည်အသိပေးနေ
ဇန်နဝါရီ 11, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ည(၁၀)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရန် မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့ နေ့လည်ပိုင်းက စပြီး ကားဖြင့် လှည့်ပတ်အော်ကာ အသိပေးနေသည်။

ည(၁၀)နာရီကနေ မနက်(၄)နာရီအထိ အပြင်ထွက် သွားလာခြင်းမပြုရဆိုပြီး ကားနဲ့ နေ့လည်(၁)နာရီကျော်က စပြီး လိုက်အော်နေတာတွေ့တယ်။ ဝမ်ကောင်းရပ်ကွက်ဘက်ရော ဝိန်းကျောက်ရပ်ကွက်ဘက်ရော တွေ့လိုက်တယ်

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

 

တာချီလိတ်မြို့တွင် နေ့ရော ညပါ လုံခြုံရေးများ တိုးမြှင့်ထားပြီး မြို့တွင်းစစ်ဆေးမှုအပြင် မြို့အဝင်အထွက်များဖြစ်သည့် ဟောင်လိတ်မီးပွိုင့်လမ်းဆုံ၊ တာဝေမီးစက်လမ်းဆုံ နှင့် လွယ်တော်ခမ်းဂိတ်၊ ချစ်ကြည်ရေးအမှတ်(၂)တံတား၊ ရီးဂျီးနားဂေါက်ကွင်းသွားလမ်း၊ ဝမ်ကောင်းရပ်ကွက်အတွင်း ရတနာလမ်း၊ အရှေ့မြို့ပတ်လမ်း၊ ဝမ်မိုင်ရွာအတွင်း အပြင် ပါလျှံမီးပွိုင့်လမ်းဆုံတို့တွင် စစ်ဆေးမှုများ ပိုမို လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။