တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ရဲတပ်ကြပ်တစ်ဦး ဓါးထိုးခံရ

တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ရဲတပ်ကြပ်တစ်ဦး ဓါးထိုးခံရ
အောက်တိုဘာ 8, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးတာဝန်ကျ ရဲတစ်ဦး ဓါးထိုးခံရပြီး ဓါးဖြင့်ထိုးသူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့ နံနက်(၁၀)နာရီကျော်အချိန်က ဖြစ်ပွားခြင်း ဖြစ်သော်လည်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဓါးဖြင့်ထိုးသွားသူမှာ ဆေးသမားဟု အနီးဝန်းကျင်များက ပြောဆိုနေကြသော်လည်း နေ့လည်(၂)နာရီအချိန်အထိ ဖမ်းမိခြင်း မရှိသေးသည့်အတွက် မည်သူက ထိုးသွားပြီး မည်သည့်ကိစ္စကြောင့် ထိုးသွားသည်ကိုတော့ Tachileik News Agency မှ စုံစမ်းနေလျက်ရှိသည်။

ဓါးဖြင့် ထိုးခံရသူမှာ တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်တင်အောင်မိုး ဆိုသူဖြစ်ပြီး လက်ရှိမှာ ဓါးဖြင့်ထိုးခံရမှုကြောင့် တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

ဓါးထိုးမှုဖြစ်ပွားပြီးနောက် (၁၁)နာရီ မိနစ်(၅၀)ဝန်းကျင်အချိန်တွင်  Honda Fit  အမဲရောင် အိမ်စီးကားဖြင့် ရဲများသည် ကားအတွင်း၌ သေနတ်ကိုင်ဆောင်ထားပြီး ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း ဆန်ဆိုင်းဈေးဘက်သို့လည်း လှည့်လည်ချောင်းမြောင်းနေသည်ကို တွေ့ရကြောင်း သတင်းရင်းမြစ်များက အသိပေးပြောကြားလာသည်။

 

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့ကလည်း ဟောင်လိတ်နယ်မြေရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရဲဒုတပ်ကြပ် ကျော်ဆန်းလင်းဆိုသည်လည်း ကားတိုက်ခံရ၍ သေဆုံးမှုလည်း ဖြစ်ပွားခဲ့သည်။



တာချီလိတ်မြို့တွင် ရဲ ဒုတပ်ကြပ် မောင်းလာသည့် ဆိုင်ကယ် နှင့် (၁၂)ဘီးကား တိုက်မိပြီး ဦးခေါင်းကို ကားကြိတ်ခံရ၍  ရဲ  သေဆုံး