တာချီလိတ်တွင် အုပ်စုဖွဲ့ခြိမ်းခြောက်၍ ဆိုင်ကယ်နှင့်ဖုန်း လုယူမှုဖြစ်ပွား

တာချီလိတ်တွင် အုပ်စုဖွဲ့ခြိမ်းခြောက်၍ ဆိုင်ကယ်နှင့်ဖုန်း လုယူမှုဖြစ်ပွား
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အာခါဈေးအနောက်ဘက် မြေနီကွင်းတွင် ယနေ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၈)ရက်နေ့ ည (၇)နာရီခွဲဝန်းကျင်က ဆိုင်ကယ်ရှေ့ပိတ်ရပ်ကာ လူကိုတွန်းချပြီး ဆိုင်ကယ်နှင့်ဖုန်းကို လုယူမှုဖြစ်ပွားကြောင်း သိရသည်။

 

အသိရဲ့ဆိုင်ကယ် လုခံရတာ။ အာခါဈေးနားမှာ ဆိုင်ကယ်ရှေ့ပိတ်ရပ်ပြီး ဖုန်းနဲ့ဆိုင်ကယ်ကို လုခံရတာတဲ့။ ဆိုင်ကယ်က တစ်ယောက်ထဲစီးသွားတာမဟုတ်ဘူး။ နှစ်ယောက်စီးသွားတာနော်။ ဆိုင်ကယ်ပေါ်ကလူကို တွန်းချထားခဲ့တာ။ တုတ်နဲ့ရွယ်ပြီးတော့လည်း ခြိမ်းခြောက်တယ်တဲ့။ ယောကျ်ားလေး (၃)ယောက်အဖွဲ့နဲ့ လုသွားကြတာ။ တာချီလိတ်မှာ ဆိုင်ကယ်ခိုးတာတင်မဟုတ်ဘူး အခုက အလုခံရတဲ့အဆင့်ဖြစ်နေပြီ

ဟု ဆိုင်ကယ်လုခံရသူ၏ အသိမိတ်ဆွေက Tachileik News Agency သို့ ပြောသည်။

 

မှန်များဖြုတ်ထားသည့် Wave အဖြူရောင်ဆိုင်ကယ်တစ်စီးကို စီးနင်းလာသည့် အမျိုးသား (၃)ယောက်က အမျိုးသမီး (၂)ဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို ရှေ့မှပိတ်ရပ်ကာ အမျိုးသမီးများအား လုယူသည့်အဖွဲ့မှ တစ်ဦးကယူလာသည့် တုတ်ဖြင့်ရွယ်၍ခြိမ်းခြောက်ပြီး ဆိုင်ကယ်နှင့် ဖုန်း (၂)လုံးကို လုယူထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

 

လုယူခံလိုက်ရသည့်ဆိုင်ကယ် Wave 125 I အဖြူရောင်၊ Samsung Glaxy A6+ အနက်ရောင်နှင့် Redmi K30 အနီရောင်ဖုန်းတို့ကိုတွေ့ရှိပါက ဖုန်း 09 49037229 သို့ ဆက်သွယ်ပေးကြရန် ပိုင်ရှင်ဖြစ်သူက လူမှုကွန်ယက်မှတစ်ဆင့် အကူအညီတောင်းခံထားသည်ကိုလည်း တွေ့ရသည်။