ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခြင်း မရှိစေရန် မိုင်းတုံမြို့နယ်အတွင်းရှိ နယ်စပ် ဝင်/ထွက်ပေါက်အား “ဝ”အထူးဒေသနှင့် တပ်မတော်တို့က တားမြစ်ထား

ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခြင်း မရှိစေရန် မိုင်းတုံမြို့နယ်အတွင်းရှိ နယ်စပ် ဝင်/ထွက်ပေါက်အား “ဝ”အထူးဒေသနှင့် တပ်မတော်တို့က တားမြစ်ထား
ဇန်နဝါရီ 30, 2020
By Tachileik News Agency

“ဝ”အထူးဒေသနှင့် တပ်မတော်တို့က ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခြင်း မရှိစေရန် မိုင်းတုံမြို့နယ်အတွင်းရှိ နယ်စပ် ဝင်/ထွက်ပေါက်အား  တားမြစ်ထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း ထိုင်းနိုင်ငံနှင့် နယ်စပ် ဝင်ထွက် လမ်းကြောင်းများမှ ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခြင်း မရှိစေရန် ဒေသခံများ ဝင်ထွက်သွားလာမှုကို “ဝ”အထူးဒေသနှင့် တပ်မတော်တို့က တားမြစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းကြောင်းများမှာ တရားဝင်ဖြတ်သန်းသွားလာခွင့်ပြုထားခြင်း မဟုတ်သော်လည်း ဒေသခံများ ဖြတ်သန်းသွားလာမှု ရှိနေသဖြင့် ရောဂါကူးစက်ခံရခြင်းမရှိစေရန် ကျန်းမာရေးဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့မှစ၍ စောင့်ကြည့် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဒေသခံများ ဝင်ထွက်သွားလာမှုမပြုရန် တားမြစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“လောလောဆယ်တော့ “ဝ”ဒေသက BP  1 အပေါက်ကိုလည်း ထိုင်းဘက်ကအဝင် လုံးဝပေး မဖြတ်တော့ဘူးလို့ သူတို့ ကျန်းမာရေးအဖွဲ့က ပြောတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ပိတ်လိုက်ပြီလို့ ပြောတယ်။ ပါချီးဘက်ကတော့ တပ်မတော်က တာဝန်ယူတာ။ သူတို့လည်း တားလိုက်ပြီလို့ ဒီမနက်ပဲ လာပြောတယ်။ “ဝ” အထူးဒေသထဲက မုံးကျွတ်အပေါက်တော့ ရှိတယ်။ အဲဒါလည်း သူတို့ပိတ်မယ် ထင်ပါတယ်။ ထိုင်းဘက်က ဝင်ပေါက်တွေ ပိတ်တယ်ဆိုရင်တော့ ကျွန်တော်တို့က စစ်စရာ မရှိတော့ဘူးပေါ့။ အထူးသဖြင့်က ဝင်လာတဲ့သူတွေကိုပဲ စစ်ရတာကိုး”

ဟု မိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ် သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၃၀)ရက်နေ့တွင် ပြောသည်။

ထိုင်းနိုင်ငံ နောင်အုပ်ဒေသမှနေ၍ BP 1 နယ်စပ်လမ်းကြောင်းကို ဖြတ်သန်းကာ ဝင်ရောက်လာသူများနှင့် ပါချီးဒေသ BP 2 နယ်စပ်လမ်းကြောင်းမှ ဝင်လာသူများကို လမ်းကြောင်းနှစ်ခုဆုံရာ ပုံပါကျင်တွင် ကျန်းမာရေးဦးစီးဌာနက စောင့်ဆိုင်း စစ်ဆေးခြင်းများ လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။

အဆိုပါ နယ်စပ်လမ်းကြောင်းနှစ်ခုမှ တရားဝင်ဖြတ်သန်းခွင့်ပေးထားခြင်းမရှိသော်လည်း ဒေသခံများက ထိုင်းနိုင်ငံဘက်ခြမ်း နောင်အုပ်ဒေသသို့ လက်ဖက်ခြံအလုပ် သွားရောက်လုပ်ကိုင်သူများ၊ ဆေးသွားကုသူများ အရေးပေါ်သွားရောက်ခြင်းများ ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့အထိ ဝူဟန်အဆုတ်ရောင်ရောဂါ အတည်ပြုသည့် တရုတ်ခရီးသွား(၁၄)ဦးတွေ့ရှိခဲ့ပြီး (၅)ဦးမှာ သက်သာပျောက်ကင်း၍ နေရပ်ပြန်သွားပြီဖြစ်ကာ (၉)ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေကြဆဲဖြစ်သည်။

Tachileik News Agency
သတင်း - အင်မိုင်ခ
ဓါတ်ပုံ - TKM

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~