တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း နေအိမ်အခန်းထဲတွင် မိုင်းယောင်းမြို့မှ အမျိုးသမီးတစ်ဦး ဒဏ်ရာမပေါ်ဘဲ သေဆုံး

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း နေအိမ်အခန်းထဲတွင် မိုင်းယောင်းမြို့မှ အမျိုးသမီးတစ်ဦး ဒဏ်ရာမပေါ်ဘဲ သေဆုံး

 နယ်စပ်ဒေသ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်အခန်းငှားတစ်ခုတွင် မိုင်းယောင်းမြို့မှ အမျိုးသမီးငယ်တစ်ဦး နေအိမ်အတွင်း သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်အခန်းငှားတစ်ခု၏ အခန်းအတွင်း မည်သည့်ဒဏ်ရာမှ မပေါ်ဘဲ သေဆုံးနေသည်ကို ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့၏ ညနေပိုင်းက သိရှိရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ အသက်(၁၇)နှစ်အရွယ်သာရှိသေးသည့် မအီအွမ်ကျောက်ဆိုသူဖြစ်ပြီး ၎င်းသည် မိုင်းယောင်းမြို့ကနေ တာချီလိတ်သို့ အလုပ် လာရောက် လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ အလောင်းအား ရင်ခွဲစစ်ဆေးနိုင်ရန်အတွက်  ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းက ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

 

သေဆုံးသူနှင့် ပတ်သက်ပြီး နေအိမ်အခန်းအတွင်း အဖျားကြီးပြီး သွေးအဆိပ်တက်၍ သေဆုံးခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က သုံးသပ်ထားသော်လည်း  တာချီလိတ်ခရိုင်ဆေးရုံကြီး၏ ရင်ခွဲရုံတွင် စစ်ဆေးနေသည့် ဒေါက်တာစိုင်းခင်ကျော်၏ စစ်ဆေးချက်ကိုတော့ မသိရသေးပေ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဟောင်လိတ်နယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၉/၂၀၂၂ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် အချို့ နေအိမ်နှင့် ဟိုတယ်တည်းခိုခန်းအချို့တို့တွင် လူငယ်နှင့်လူလတ်ပိုင်းအချို့ လူမသိ သူမသိ တစ်ဦးတည်း သေဆုံးမှုများ နိုဝင်ဘာလအတွင်းကနေ ယနေ့အထိ ရှိနေသည်ဟုလည်း သတင်းရင်းမြစ်များထံက သိရသည်။