တာချီလိတ်မြို့တွင် သားအဖ (၂)ဦး အပါအဝင် (၅)ဦးကို ဖမ်းဆီးကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ပြီး နေအိမ်ကို ချိတ်ပိတ်

တာချီလိတ်မြို့တွင် သားအဖ (၂)ဦး အပါအဝင် (၅)ဦးကို ဖမ်းဆီးကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ပြီး နေအိမ်ကို ချိတ်ပိတ်

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့  ရန်အောင်မြေရပ်ကွက်အပိုင်း ပါလျှံ(၁)အတွင်းရှိ နေအိမ်သို့ စစ်တပ်နှင့်ရဲတို့ ပါဝင်သည့် အဖွဲ့က ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ အကူးပိုင်းအချိန်တွင် နေအိမ်အတွင်း အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးပြီးနောက် အိမ်ပိုင်ရှင်ကို စစ်အာဏာရှင်အား တော်လှန်သည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ပါဝင် ပတ်သက်သည်ဟုဆိုကာ နေအိမ်အား မတ်လ၏ ပထမပတ်အတွင်းက ချိတ်ပိတ်လိုက်ကြောင်း သိရသည်။



ဖေဖော်ဝါရီလ(၃)ရက်နေ့က ဖမ်းဆီးခံရသူများမှာ အသက်(၂၀)ဝန်းကျင်အရွယ် လှမင်းထက်(ခ)လှိုင်မင်းထက် အပါအဝင် ၎င်း၏ ဇနီးဖြစ်သူ အသက်(၁၇)နှစ်အရွယ် မနန်းမွမ်းလောင်(ခ)လောင်လောင်တို့ဖြစ်ပြီး နောက်ပိုင်းတွင် လှမင်းထက်(ခ)လှိုင်မင်းထက်၏ ဖခင်ဖြစ်သူ ဦးအောင်ခိုင်သန်း အပါအဝင်  သိန်းထိုက်စံ(ခ)ထိုက်စံ နှင့် ပြည့်လျှံ စုစုပေါင်း (၅)ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။



ဖမ်းဆီးခံရသူများကို စရဖ(စရတ)ဖြစ်သည့် စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်၏ တပ်ခွဲ(၂)၊ တပ်စု(၁)ရုံးတွင် စစ်ကြောရေးများ ပြုလုပ်ပြီးနောက် ဖမ်းဆီးခံရသူ (၅)ဦးအနက် ဦးအောင်ခိုင်သန်း၏ နေအိမ်အခန်းငှားတစ်ခုလုံးကို ၂၀၂၃ခုနှစ် မတ်လ(၅)ရက်နေ့က စရဖ၊ စည်ပင်၊ ရဲတပ်ဖွဲ့ နှင့် ထွေအုပ်အပြင် မြေစာရင်းဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လာရောက် ချိတ်ပိတ်သွားကြကြောင်း  သိရသည်။

"သူတို့ ဖမ်းခံရပြီး နည်းနည်းကြာတော့ ဦးအောင်ခိုင်သန်းရဲ့ နေအိမ်မှာ ငှားနေကြတဲ့ အခန်းငှားတွေကို ဘယ်နေ့ ဘယ်ချိန်အပြီး ဖယ်ပေးရမယ်ဆိုပြီး အမိန့်ပေးထားပြီးတော့ ပြီးခဲ့တဲ့ရက်က လာပြီး ချိတ်ပိတ်သွားတာ။ ဦးအောင်ခိုင်သန်းက ရှိစု မဲ့ရှိစုလေးနဲ့ အိမ်ဆောက်လုပ်နေရင်းနဲ့ အခန်းငှားချထားတာ။ ကောင်းကောင်းမွန်မွန် အိမ်လည်းမဟုတ်ပါဘူး။ ဆောက်လက်စ အိမ်မှာ အခန်းငှားချထားတဲ့ဟာပေါ့။"ဟု ရန်အောင်မြေရပ်ကွက်တွင်းနေသူ တစ်ဦးက Tachileik News Agency သို့ မတ်လ(၉)ရက်နေ့တွင် ပြောသည်။

ဖမ်းဆီးခံရသူများကို  ဟောင်လိတ်နယ်မြေရဲစခန်း၏ စခန်းမှူး ရဲအုပ်ပြည့်စုံဖြိုးက တရားလိုပြုလုပ်ကာ ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ)၁၄/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)၊ ၅၁(ဂ)၊ ၅၂(က)တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နိုင်ငံ့အာဏာသိမ်းခံထားရသည့် (၂)နှစ်ပြည့်အဖြစ် တာချီလိတ်မြို့တွင်  ဖေဖော်ဝါရီလ(၁)ရက်နေ့၏ ညက တာချီလိတ်မြို့နယ်လဝကဦးစီးမှူးရုံး နှင့် ဆောက်လုပ်ရေးရုံးအနီးတို့တွင်  ဗုံးတစ်လုံး ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ၎င်းတို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။

 

အဆိုပါ ဖောက်ခွဲမှုသည် ၎င်းတို့ လုပ်ဆောင်ခြင်းမဟုတ်ဘဲ အရှေ့ပိုင်းနဂါး မြို့ပြပြောက်ကြားအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု  အရှေ့ပိုင်းနဂါး မြို့ပြပြောက်ကျားမှ သတင်းထုတ်ပြန်ထားသေးသည်။ 

ဖမ်းဆီးခံရသူများအနက် လှမင်းထက်(ခ)လှိုင်မင်းထက်ကို ဖမ်းဆီးချိန်တွင် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကို တွေ့ရှိကြောင်းနှင့် မြို့ပြပြောက်ကြားအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Eastern Red Lion ၏ ရှမ်းရှေ့တာဝန်ခံဖြစ်သည်ဟု ဆိုကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်လိုက်ပြီး ၎င်း၏ ဖခင်ဖြစ်သူမှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်သည့် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်မှုရှိသည်ဟုဆိုကာ နေအိမ်ကို ချိတ်ပိတ်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် တာချီလိတ်မြို့တွင် ဖောက်ခွဲမှုများ တစ်ကြိမ်မှ လုပ်ဆောင်ခဲ့ခြင်းမရှိသေးကြောင်း သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ စစ်တပ်နှင့်ရဲတို့သည် တာချီလိတ်မြို့တွင် နောက်ဆုံး ဖြစ်ပွားခဲ့သည့် ကြံ့ဖွတ်ပါတီရုံးဧရိယာအတွင်း ဗုံးဆက်တိုက် ပေါက်ကွဲပြီး လူ(၇)ဦး ဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး လုပ်ဆောင်သည့်အဖွဲ့ကို  ဖမ်းဆီးရန် တာချီလိတ်မြို့တွင်း စုံစမ်းမှုများ လုပ်ဆောင်နေသည့်အပြင် တာချီလိတ်နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင် နှင့် ချင်းရိုင်းမြို့အထိပါ ထွက်ပြေးပါက ထိုင်းစစ်တပ်အနေဖြင့် ဖမ်းဆီးပေးရန်ပါ လျှို့ဝှက် ချိတ်ဆက်ထားကြောင်း သိရသည်။