ဝူဟန်ဂယက်ကြောင့် လာအိုနိုင်ငံမှ မြန်မာလုပ်သားများ တာချီလိတ်သို့ (၄)ရက်အတွင်း (၁၂၀၀)ကျော် ပြန်ရောက်

ဝူဟန်ဂယက်ကြောင့် လာအိုနိုင်ငံမှ မြန်မာလုပ်သားများ တာချီလိတ်သို့ (၄)ရက်အတွင်း (၁၂၀၀)ကျော် ပြန်ရောက်
ဇန်နဝါရီ 31, 2020
By Tachileik News Agency

ဝူဟန်ဂယက်ကြောင့် လာအိုနိုင်ငံမှ  မြန်မာလုပ်သားများ  တာချီလိတ်သို့ (၄)ရက်အတွင်း (၁၂၀၀)ကျော် ပြန်ရောက်

ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ဂယက်များကြောင့်  လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် မြန်မာ - လာအို နယ်စပ်ဒေသ တာချီလိတ်ရှိ ဝမ်ပုံဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာရာ ဇန်နဝါရီလ၏ နောက်ဆုံးနေ့အထိ (၄)ရက်တာအတွင်း စုစုပေါင်း (၁၂၄၂)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်လာသည့်  မြန်မာနိုင်ငံသားအများစုမှာ လာအိုနိုင်ငံ ဘိုဘီယိုပြည်နယ် တုံဖိန့်မြို့နယ်ရှိ ကာစီနိုမှ ဖြစ်ပြီး အများစုမှာ ဆောက်လုပ်ရေးလုပ်ငန်း နှင့် ကာစီနိုမှ ဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်တွင် မြန်မာလုပ်သားများ အလုပ်လုပ် ကိုင်နေသည့် ကာစီနို၌ ဝူဟန်အဆုတ်ရောင်ရောဂါသံသယဖြစ်ဖွယ် တရုတ်အမျိုးသားနှစ်ဦးကို ဇန်နဝါရီလ (၂၆)ရက်နေ့ကတွေ့ရှိရာမှ ကာစီနိုဝန်းအတွင်း အဝင်အထွက် တင်းကြပ်စိစစ်ပြီး နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများကို ပြန်ခွင့်ပေးနေခြင်းဖြစ်သည်။

ယခုလို ဝူဟန်အဆုတ်ရောင်ရောဂါဂယက်ကြောင့် မဟုတ်သည့် ပုံမှန်အချိန်များတွင် လာအိုမှ တာချီလိတ်သို့ တစ်ရက်တွင် သွားလာသူ အယောက်(၅၀)မှ (၁၀၀)ဝန်းကျင်အထိရှိသော်လည်း ယခုအခါမှာ   လာအိုဘက် အဝင်က ပိတ်ထားသည့်အတွက် မြန်မာဘက်သို့ အပြန်သာရှိပြီး အသွားမရှိကြောင်း သိရသည်။

''သူတို့က ဟိုဘက်မှာ အလုပ်သမားမှတ်ပုံတင်ထုတ်ပေးထားတာမရှိတော့ (1)ပတ်စာ နိုင်ငံကူးလက်မှတ်နဲ့ပဲ နေကြရတာ၊ တစ်ချို့က (၁)ပတ်တစ်ကြိမ် ဝမ်ပုံမှာ သက်တမ်းလာတိုးကြတယ်၊ တစ်ချို့လည်း လုံးဝ မလာဘဲ ပေတေပြီးနေကြတယ်၊ ဒါကြောင့် ဟိုဘက်မှာ တခါတလေ ရဲအဖမ်းခံကြရတာ၊ တစ်ရက်ကို သွားလိုက်လာလိုက်နဲ့ အနည်းဆုံး (၅၀)ကျော် (၁၀၀)ပတ်ဝန်းကျင်လောက် ရှိမယ်"

ဟု မိုင်းဖုန်း(က)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ စာရေးဖြစ်သူ ကိုရဲမြင့်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ဝမ်ပုံဆိပ်ကမ်းရှိ လူဝင်မူကြီးကြပ်ရေးဌာနခွဲ(၆)ရုံးတွင် အမှတ်(၅၂၆)ခြေမြန်တပ်ရင်းမှ ဆေးမှူး ဗိုလ်ကြီးကျော်မင်းနိုင် နှင့် တပ်ဖွဲ့ဝင်များ၊  ဝမ်ပုံတိုက်နယ်ဆရာဝန် ဒေါက်တာ စိုင်းစူးဝန်းကျောက် ဦးစီးသည့် ကျန်းမာရေးအဖွဲ့နှင့် မိုင်ဖုန်း(က) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များက ဝမ်ပုံဆိပ်ကမ်းသို့ ရောက်ရှိလာသူများအား ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ရှိ မရှိ ကိုယ်ပူချိန်တိုင်းကိရိယာဖြင့် တိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ စာရင်းကောက်ယူပြီး စစ်ဆေးနေရာတွင် နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသားများမှာ ဇန်နဝါရီလ (၂၈)ရက်နေ့က မြန်မာနိုင်ငံသား အမျိုးသား(၅၅)ဦးနှင့် အမျိုးသမီး (၂၉)ဦး၊  ဇန်နဝါရီလ (၂၉)ရက်နေ့က မြန်မာနိုင်ငံသား အမျိုးသား (၃၅၇)ဦး၊ အမျိုးသမီး (၂၄၄)ဦး၊ လာအိုနိုင်ငံသား အမျိုးသား (၂)ဦး နှင့် ဇန်နဝါရီလ(၃၀)ရက်နေ့က အမျိုးသား(၂၆၆)ဦး နှင့် အမျိုးသမီး (၁၄၁)ဦး၊ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် အမျိုးသား (၉၇)ဦး နှင့် အမျိုးသမီး (၅၁)ဦး စုစုပေါင်း (1,242)ဦး ရှိကြောင်း သိရသည်။

အဆိုပါ ဂယက်ကြောင့် နေရပ်ပြန်သူများလာ၍ လာအိုတွင် ဈေးရောင်းသည့်  မြန်မာနိုင်ငံသားများမှာလည်း အဆင်မပြေမှုများ ရှိလာ၍ ပြန်လာခြင်း ဖြစ်ကြောင်း ဈေးသည်အမျိုးသမီးတစ်ဦးက ဆိုသည်။

"ကျွန်မတို့ရပ်ကွက်က ဗမာ(မြန်မာ)တွေချည်းနေတာ။ တရုတ်တွေက သူတို့တရုတ်ဆိုင်တွေမှာပဲဝယ်စားတာ။ ဘတ်တို့၊ ယွမ်တို့နဲ့ရောင်းတာပေါ့။ ဗမာ(မြန်မာ)တွေပြန်လာကြတော့ ဈေးရောင်းလို့ မရတော့ဘူး။ နယ်ပဲပြန်မှာ"

ဟု မတ္တရာမြို့နယ်မှ လာအိုနိုင်ငံတွင် ဈေးသွားရောက် ရောင်းချနေသည့် အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ကူးစက်ပျံ့ပွားမှုသည်  တရုတ်နိုင်ငံ အပါအဝင် ထိုင်း၊ ဂျပန်၊ စင်္ကာပူ၊ သြစတေးလျ၊ မလေးရှား၊ ပြင်သစ်၊ အမေရိကန်၊ ဂျာမဏီ၊ ‌တောင်ကိုရီးယား၊ အမေရိကန်၊ အာရပ်ဆော်ဘွားများနိုင်ငံ၊ ကနေဒါ၊ ဗီယက်နမ်၊ က‌မ္ဘောဒီးယား၊ ဖင်လန်၊ အိန္ဒိယ၊ နီပေါ၊ ဖီလစ်ပိုင်နှင့် သီရိလင်္ကာနိုင်ငံ စသည့် နိုင်ငံပေါင်း (၂၀)သို့ ရောက်ရှိနေပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက်ပိုင်းအထိတွင် ကူးစက်ခံရသူ စုစုပေါင်း (၉,၈22)ဦး ရှိပြီး သေဆုံးသူ (၂၁၃)ဦးရာ သေဆုံးသူများမှ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~