တာလေတံတားပေါ်ကနေ  တန်(၃၀)အထိရှိ ကားများ သွားလာနိုင်ပြီး တစ်စီးပြီးမှ တစ်စီး ဖြတ်သန်းသွားရန် အသိပေးထား

တာလေတံတားပေါ်ကနေ  တန်(၃၀)အထိရှိ ကားများ သွားလာနိုင်ပြီး တစ်စီးပြီးမှ တစ်စီး ဖြတ်သန်းသွားရန် အသိပေးထား
ဇန်နဝါရီ 20, 2024 | ရှမ်းရှေ့

 ကွဲအက်ကြောင်းဖြစ်ပေါ်မှုကြောင့် ပြုပြင်နေရသည့် တာလေတံတားပေါ်ကနေ (၂၁)တန်အောက်ကားများ သွားလာနိုင်ကြောင်း သတ်မှတ်ထားရာမှ လက်ရှိအခြေအနေများအရ တန်(၃၀)တန်အထိရှိသည့် ကားများအထိ သွားလာနိုင်မည်ဖြစ်ပြီး တံတားပေါ် ဖြတ်သန်းသွားလာသည့်အခါမှာလည်း စနစ်တကျဖြင့် သတ်မှတ်ချက်များအတိုင်း တစ်စီးပြီးမှ တစ်စီးဖြတ်သန်းရန်လည်း မေတ္တာရပ်ခံထားသည်။

ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ ညနေပိုင်းတွင် တံတားပေါ် ဖြတ်သန်းသွားလာမှုများကို စောင့်ကြည့်မှုများ ပြုလုပ်ပြီးနောက် တံတား၏ ခံနိုင်ဝန် တန်ချိန် (၃၀)အောက်ရှိ ကားများသွားလာနိုင်မည်ဖြစ်ပြီး ကုန်တင်ကားများအနေဖြင့် နေ့စဉ် နံနက်(၆)နာရီမှ ည(၆)နာရီ အတွင်းသာ သွားလာနိုင်မည်ဖြစ်သလို အိမ်စီးကားများအနေဖြင့်လည်း ည(၉)နာရီအထိ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ ကားတွေ သွားလာလို့ အဆင်ပြေအောင် စီစဉ်ပေးနေပါတယ်။ လက်ရှိ အခြေအနေအရ တံတားပေါ်ကနေ တစ်စီးပြီးမှ တစ်စီးဖြတ်သန်းသွားလာလို့ရမှာဆိုတော့ သီးခံစောင့်ဆိုင်းပေးကြဖို့ နဲ့ စနစ်တကျ ဖြတ်သန်းသွားလာဖို့ မေတ္တာရပ်ခံချင်ပါတယ်။"ဟု သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ခရီးသွားပြည်သူများနှင့် ကုန်သွယ်ရေးအတွက် အဓိက သွားလာအသုံးပြုနေသည့် ကျိုင်းတုံ - တာချီလိတ်သွားလာပေါ်ရှိ တာလေတံတားပေါ်တွင် ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းက ကွဲအက်ကြောင်းရာ ဖြစ်ပေါ်နေခြင်းကြောင့် ယာဉ်သွားလာမှုကို ယာယီပိတ်ထားခဲ့ရပြီး နေ့ရောညပါ ယာယီ ဘေလီတံတား ပြုလုပ်နေရာမှ ယနေ့ ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်ပိုင်းက စပြီး ပုံမှန်အတိုင်း သွားလာ၍ ရခြင်း ဖြစ်သည်။ 

တံတားအောက်ခြေတွင် ရေတိုက်စားပြီး အောက်ခြေထိ ရေတိုးဝင်ကာ အပေါက်ဖြစ်ပြီး ကလိုင်သဖွယ်ဖြစ်ပေါ်ကာ တံတားတိုင်အစိတ်အပိုင်းတစ်ခုမှာ ကျွံဝင်သွားရာမှ ကွဲအက်ကြောင်းရာဖြစ်ပွားခြင်းဖြစ်သည်။

 

Photo:   U Nyein Thung