ကယားတောင်သူများ တရားစွဲခံရမှုနှင့် ဗိုလ်ချုပ်ရုပ်တု ရွှေ့ပြောင်းပေးရေး နှင့် ပတ်သက်၍ ကရင်နီလူငယ်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြဆွေးနွေး

ကယားတောင်သူများ တရားစွဲခံရမှုနှင့် ဗိုလ်ချုပ်ရုပ်တု ရွှေ့ပြောင်းပေးရေး နှင့် ပတ်သက်၍ ကရင်နီလူငယ်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြဆွေးနွေး
ဇန်နဝါရီ 15, 2020
By Tachileik News Agency
ကယားတောင်သူများ တရားစွဲခံရမှုနှင့် ဗိုလ်ချုပ်ရုပ်တု ရွှေ့ပြောင်းပေးရေး နှင့် ပတ်သက်၍ ကရင်နီလူငယ်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြဆွေးနွေး  

ကယားပြည်နယ်တွင်း တောင်သူများ တရားစွဲခံရမှု၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ရွှေ့ပြောင်းပေးရေး တောင်းဆိုမှုများနှင့် ပတ်သက်၍ ကရင်နီလူငယ်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရာ သဘောတူညီမှု ရထားသည်ဟု သိရသည်။

"ကျွန်တော်တို့ အခုဆွေးနွေးခဲ့တာတွေက သဘောတူညီချက် တစ်စုံတစ်ရာရတာထက် လက်ရှိတင်ပြခဲ့တဲ့ ကိစ္စတွေကို ပြည်ထောင်စုအစိုးရကနေ အမြန်ဆုံးအကောင်ထည်ဖော်ပေးမယ်ဆိုတဲ့ အပိုင်းရှိတယ်။ ဆွေးနွေးရတာ အချိန်က အကန့်အသတ်နဲ့ဆိုတော့ ကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေကို ဆက်လက် အကောင်ထည်ဖော်မယ့်အပိုင်းကိုပဲ ဆက်စောင့်ကြည့်ရမယ် "

ဟု ကရင်နီလူငယ်အင်အားစုမှ ခူးရီးဒူက ပြောသည်။

လွိုင်ကော်မြို့တွင် ကျင်းပသည့် ကယားပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား တွေ့ဆုံစဉ်အတွင်း  ကရင်နီလူငယ်များက တင်ပြခဲ့သည့် ကယားပြည်နယ်တွင်း တပ်သိမ်းမြေနှင့်ပတ်သက်၍ တောင်သူများ တရားစွဲဆိုခံရကာ  အကျဉ်းကျခံရသော ကိစ္စရပ်များအား ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းကာ အမြန်ဆုံးဖြေရှင်းပေးမည်ဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စအား ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရ ၊ ကရင်နီလူငယ်များ အားလုံးတွေ့ဆုံဆွေး နိုင်သောလမ်းကြောင်းတစ်ခု ဖော်ဆောင်ကြရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်းသိရသည်။

"ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကို မူအရထားပြီးတော့ ညှိနှိုင်းတွေ့ဆုံမှုလမ်းစဉ်ကပဲ သွားကြဖို့ အကြမ်းအားဖြင့် ပြောထားကြတယ်။ ဆန္ဒပြတောင်းဆိုတာတို့ဘာတို့ တစ်စုံတစ်ရာ လက်ရှိအနေနဲ့ လုပ်မှာမဟုတ်ဘဲ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ကျွန်တော်တို့ ကရင်နီလူငယ်အင်းစု ပါဝင်နိုင်မယ့် တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းတစ်ခုကို ကျွန်တော်တို့ပြောထားကြပါတယ် " 

ဟု ကရင်နီလူငယ်အင်အားစုမှ ခူးရီးဒူက တွေ့ဆုံပွဲအပြီး သတင်းမီဒီယာများအား ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်အဖွဲ့အား ကရင်နီလူငယ်များဖက်မှ ှ ခူးရီဒူး၊ ခွန်သောမတ်စ်၊ ခူးတူရယ်၊ ခွန်းမျိုးလှိုင်ဝင်း၊ ကိုဗညား၊ ခွန်းကာစ်ပါးရယ်နှင့် မူဟယ်လင်တို့က မိနစ်(၂၀)ခန့်တွေ့ဆုံခွင့် ရရှိခဲ့ပြီး တောင်သူများတရားစွဲဆိုခံရခြင်းနှင့် အကျဉ်းကျခံနေရသောကိစ္စ ၊ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကိစ္စနှင့် ကရင်နီပြည်လူငယ်ရေးရာ ကိစ္စရပ်များ စသည့်အချက်သုံးချက်အား ဆွေးနွေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ ဆန်းဖြိုးထွန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~