COVID 19 အတည်ပြုလူနာ အများဆုံးတွေ့နေသည့် ရန်ကုန်တွင် ကုသရေးပိုင်းကူညီရန် ကယားပြည်နယ်က သူနာပြု (၂၁)ဦးအဖွဲ့ တတိယအသုတ်အဖြစ် စေလွှတ်

COVID 19 အတည်ပြုလူနာ အများဆုံးတွေ့နေသည့် ရန်ကုန်တွင် ကုသရေးပိုင်းကူညီရန် ကယားပြည်နယ်က သူနာပြု (၂၁)ဦးအဖွဲ့ တတိယအသုတ်အဖြစ် စေလွှတ်
အောက်တိုဘာ 16, 2020
By Tachileik News Agency

COVID 19 အတည်ပြုလူနာ အများဆုံးတွေ့နေသည့် ရန်ကုန်တွင် ကုသရေးပိုင်းကူညီရန် ကယားပြည်နယ်က သူနာပြု (၂၁)ဦးအဖွဲ့ တတိယအသုတ်အဖြစ် စေလွှတ်
COVID-19 ရောဂါပိုးဖြစ်ပွားသူ အများဆုံးဖြစ်နေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ကုသရေးပိုင်း ကူညီပေးရန် ကယားပြည်နယ်မှ သူနာပြု (၂၁) ဦးပါဝင်သည့်အဖွဲ့ကို တတိယအသုတ်အဖြစ် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့ နံနက်တွင် စေလွှတ်လိုက်ကြောင်း သိရသည်။ 

" ကျွန်တော်တို့ ဒီတစ်ခေါက်က အဓိက ကိုဗစ်ရောဂါကုဆေးရုံတွေကို သွားရောက်တာဝန်ထမ်းဆောင်မှာက အားလုံး (၂၁) ယောက်ပါ ။ သူနာပြုအသစ်က (၁၄)ယောက်ပါတယ်။ ကျန်တဲ့ (၆)ယောက်က လွိုင်ကော်ပြည်သူ့ဆေးရုံကြီးက အဟောင်း(၆)ယောက်က ဦးဆောင်ပြီး ရန်ကုန်ဒဂုံဆိပ်ကမ်းမှာရှိတဲ့ ကိုဗစ်ရောဂါကုဆေးရုံမှာ တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။ နောက် အရေးပေါ် ကြပ်မတ်ခန်းမှာ သွားရောက် တာဝန်ထမ်းဆောင်မယ့် ဖားဆောင်းမြို့နယ်က သူနာပြုတစ်ဦးပါပါတယ်။ သူက အရေးပေါ်ကြပ်မတ်ဆောင်နဲ့ ပတ်သက်တဲ့ အထူးသင်တန်းတက်ထားတဲ့အတွက် ရန်ကုန်ဆေးရုံကြီး ICU အထူးကြပ်မတ်ဆောင်မှာ သူကတာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ " 

ဟု ကယားပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမကြီး ဒေါ်နော်ဝေနေထူး ဦးဆောင်၍ စက်တင်ဘာလ မှအလုပ်စတင် ဝင်ရောက်ကြသည့် သူနာပြုအသစ် (၁၄)ဦးနှင့် အဟောင်း (၆)ဦး စုစုပေါင်း သူနာပြု (၂၀)ဦးပါဝင်သည့်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကိုဗစ်ရောဂါကု ဌာနများတွင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပြီး သူနာပြုတစ်ဦးက ရန်ကုန်ဆေးရုံကြီးရှိ အထူးကြပ်မတ်ဆောင်တွင် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

" ကျွန်မတို့ကလေ ရန်ကုန်ကို တစ်ခြားနည်းနဲ့ မကူညီနိုင်ပေမဲ့လည်းပေါ့ ကိုယ့်ရဲ့ပြည်ထောင်စု စိတ်ဓာတ်လေးနဲ့ အုတ်တစ်ခြပ်သဲတစ်ပွင့်လေးဖြစ်အောင် သွားရောက်ကူညီဖို့ ကျွန်မတို့အားလုံးက ဆန္ဒရှိကြပါတယ်။ " 

ဟု သူနာပြုဆရာမကြီး ဒေါ်နော်ဝေနေထူးက ပြောသည်။ 
ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်ရောဂါကုဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ သူနာပြု (၁၄) ဦး ပါဝင်ပြီး ကျန် (၇)ဦးမှာ အခြားမြို့နယ်များမှ သူနာပြုများ ဖြစ်ပြီး စုစုပေါင်းအမျိုးသမီးသူနာပြု (၁၉)ဦးနှင့် အမျိုးသားသူနာပြု (၂)ဦးတို့ သွားရောက်တာဝန်ထမ်းဆောင်ကြမှာဖြစ်ပြီး ၎င်းတို့အတွက် ပြည်နယ်အစိုးရအဖွဲ့ နှင့် အခြားအလှူရှင်များမှ ထောက်ပံ့မှုများ ပြုလုပ်ပေးထားကြောင်းသိရသည်။ 
ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်မည့် သူနာပြု (၂၁)ဦးအား အောက်တိုဘာလ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကား(၁)စီးနှင့် ရွှေလွိုင်ကော်ပရဟိတ အဖွဲ့မှ ကား(၃)စီးဖြင့် လွိုင်ကော်မှနေပြည်တော်သို့ ပို့ဆောင်ပေးခြင်းဖြစ်သည်။
ရန်ကုန်ကို ကူညီမည့် ပထမသုတ်အဖြစ် စက်တင်ဘာလက စေလွှတ်ထားသည့် သူနာပြု (၂၀)ဦးပါအဖွဲ့မှာ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိကိုဗစ်ရောဂါကုဆေးရုံနှင့် ဝေဘာဂီဆေးရုံတို့တွင် တာဝန်ထမ်းဆောင်မှု ပြီးဆုံးပြီဖြစ်၍ လွိုင်ကော်သို့ ပြန်လည်ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ 
Covid-19 ရောဂါဖြစ်ပွားမှုမြင့်တက်နေသည့် ရန်ကုန်တိုင်းဒေသကြီးသို့ကယားပြည်နယ်မှ ကုသရေးပိုင်းတွင် အားဖြည့်သွားရောက် တာဝန်ထမ်းဆောင်သည့် သူနာပြုစုစုပေါင်း (၆၀)ဦး ၊ အထူးပြုဘာသာရပ်ဖြင့် သွားရောက်သူ (၂)ဦး ရှိပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် ဆရာဝန်(၂) ဦးနှင့်ကျန်မာရေးမှူး (၃)ဦးစေလွှတ်ထားပြီး စုစုပေါင်း ရန်ကုန်တိုင်းဒေသကြီးတွင် အားဖြည့်တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်း (၆၉)စေလွှတ်ထားပြီဖြစ်ကြောင်းသိရသည်။ 
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~