အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး၏ အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ်နေ့အဖြစ် ကယားပြည်နယ်တွင် (၁၆)ရက်တာ လှုပ်ရှားမှု စတင်

အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး၏ အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ်နေ့အဖြစ် ကယားပြည်နယ်တွင် (၁၆)ရက်တာ လှုပ်ရှားမှု စတင်
နိုဝင်ဘာ 25, 2019
By Tachileik News Agency
အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု၏ အပြည်ပြည်ဆိုင်ရာနေ့အထိမ်းအမှတ်အဖြစ် ကယားပြည်နယ်တွင် (၁၆)ရက်တာ လှုပ်ရှားမှုလုပ်ဆောင်ခြင်း စတင်သည့် အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ကျင်းပသည်။

အဆိုပါ (၁၆)ရက်တာ လှုပ်ရှားမှုများမှာ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသည့် အမျိုးသမီးများပေါ် အကြမ်းဖက်မှုပြဿနာများကို ဖြေရှင်းရန် လုပ်ဆောင်ကြခြင်းဖြစ်သည်။

"အကြမ်းဖက်မှုတွေကို အားပေးနေတဲ့ တစ်ချို့သေ ာစံနှုန်းတွေကိုလည်း တိုက်ဖျက်ဖို့ လိုအပ်နေပါတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးများအတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေ ပံ့ပိုးပေးဖို့ ကျားမအခြေပြု အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းများအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောကြားလိုပါတယ်။ အကြမ်းဖက်မှုတွေလျော့နည်းလာစေဖို့ အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုပါတယ်"ဟု ကယားပြည်နယ်ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဌ  ဒေါ်မြင့်မြင့်မော်က ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

ကယားပြည်နယ်တွင် ကျားမအခြေပြု အကြမ်းဖက်မှု ကာကွယ်ရေး လုပ်ငန်း လုပ်ဆောင်နေကြသော အရပ်ဖက်အဖွဲ့အစည်းများမှ အချက်လတ်များအရ ၂၀၁၈ ခုနှစ်တွင် အကြမ်းဖက်ခြင်းများမှ လွတ်မြောက်လာ သူ (၁၀၄) ဦးရှိပြီး  အရွယ်ရောက်ရှိပြီးသူ (၈၅) ဦးနှင့် ကလေးသူငယ် (၁၉)ဦး ပါဝင်ကြောင်း သိရသည်။

အကြမ်းဖက်မှုခံရသည့် အမျိုးသမီးအများစုမှာ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ အပြည့်အဝ မရရှိကြသေးကြောင်းကိုလည်း အဆိုပါ အခမ်းအနားတွင် ကျားမအခြေပြုအကြမ်းဖက်မှု သတင်းစကား မျှဝေခြင်း အစီအစဉ်တွင် အကောင်းဆုံးသိုးထိန်းသီလရှင်ကျောင်းက ထည့်သွင်းဖော်ပြခဲ့သည်။

ကယားပြည်နယ်တွင်းရှိ အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းများက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာလှုပ်ရှားမှုအား နိုဝင်ဘာလ  (၂၅) ရက်နေ့မှစ၍ မြို့နယ်တိုင်းတွင် သွားရောက် လုပ်ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအားအကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပရာ လွိုင်ကော်မြို့ မြို့နယ်ခန်းမသို့ အမျိုးသမီးရေးရာအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ NGO ၊INGO များ ၊အရပ်ဖက်အဖွဲ့အစည်းများ ၊ ကျားမရေးရာ လှုပ်ရှားနေသူများ တက်ရောက်ခဲ့ကြသည်။

Tachileik News Agency
သတင်း/ ဓါတ်ပုံ -  ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net