တာလေမြို့ ဝမ်ဆာကျေးရွာတွင် Covid-19 ကူးစက်ခံထားရသူ တစ်နေ့တည်း (၁၁၈)ဦး စံချိန်တင် တွေ့ရှိ

တာလေမြို့ ဝမ်ဆာကျေးရွာတွင် Covid-19 ကူးစက်ခံထားရသူ တစ်နေ့တည်း (၁၁၈)ဦး စံချိန်တင် တွေ့ရှိ
နိုဝင်ဘာ 1, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း တာလေမြို့တွင် နိုဝင်ဘာလ(၃၁)ရက်နေ့က တစ်နေ့တာ စစ်ဆေးမှုအတွင်း Covid-19 ကူးစက်ခံရသူ (၁၁၈)ဦးအထိ စံချိန်တင် စစ်ဆေးတွေ့ရှိ‌ကြောင်း သိရသည်။

၂၀၂၁ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့က တာလေမြို့ နားယောင်းကျေးရွာအုပ်စု၊ ဝမ်ဆာကျေးရွာတွင် (၂၈၃)ဦးကို စစ်ဆေးရာ အမျိုးသား(၅၃)ဦး နှင့် အမျိုးသမီး (၆၅)ဦး စုစုပေါင်း (၁၁၈)ဦးတွင် Covid-19 ပိုး တွေ့ရှိရခြင်း ဖြစ်သည်။

အောက်တိုဘာလ (၂၆)ရက်နေ့ကလည်း ဝမ်ဆာကျေးရွာတွင် Covid-19 ပိုးကူးစက်ခံထားရသူ (၁)ဦး တွေ့ရှိထားရသည့်အတွက် ဝမ်ဆာကျေးရွာတွင်းအနေဖြင့် စုစုပေါင်း Covid-19 ကူးစက်ခံထားရသူ (၁၁၉)ဦးအထိရှိ၍ ကျေးရွာတစ်ခုလုံးကို Lockdown သတ်မှတ်ထားလိုက်ကြောင်း သိရသည်။

ဝမ်ဆာကျေးရွာသူ ကျေးရွာသားများအနေဖြင့် အရေးပေါ် ကိစ္စမှလွှဲ၍ ကျေးရွာပြင်ပသို့ ဝင်ထွက်သွားလာခြင်း မပြုလုပ်ရန် နှင့် အခြားကျးရွာမှ ရွာသူ ရွာသားများလည်း ဝမ်ဆာကျေးရွာသို့ သွားလာခြင်းမပြုကြရန် ကျေးရွာတာဝန်ရှိသူများက အသိပေးထားရှိသည်။

တာလေမြို့တွင် Covid-19 ကူးစက်မှု မြှင့်တက်နေသော်လည်း စာသင်ကျောင်းများသို့ ကလေးများအား စေလွှတ်ရန် ဒေသအာဏာပိုင်များက အသိပေးထား၍ ယနေ့ နိုဝင်ဘာလ(၁)ရက်နေ့တွင် ကျောင်းများတတ်နေကြသည်ဟုလည်း သိရသည်။