ကျိုင်းတုံမြို့နယ်အတွင်း ပန်ကွဲတောင်တွင် ဆိုင်ကယ် နှင့် ကားတိုက်မိရာမှ သေဆုံးသူ၏ အလောင်းကို ခြုံတောထဲ ပစ်ချ

ကျိုင်းတုံမြို့နယ်အတွင်း ပန်ကွဲတောင်တွင် ဆိုင်ကယ် နှင့် ကားတိုက်မိရာမှ သေဆုံးသူ၏ အလောင်းကို ခြုံတောထဲ ပစ်ချ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ပန်ကွဲတောင်တွင် ဆိုင်ကယ်နှင့် ကားတိုက်မိရာမှ ဆိုင်ကယ်မောင်းသူ သေဆုံးသွားရာ အလောင်းဖျောက်ရန် ခြုံတောထဲ ပစ်ချခဲ့သည့် မော်တော်ယာဉ်မောင်းအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဖမ်းမိထားပြီး အလောင်းကိုလည်း ပြန်ရှာတွေ့ထားကြောင်း သိရသည်။

လက်ရှိတော့ ယာဉ်ထိန်းတပ်ဖွဲ့က စစ်နေတယ်။ ကျွန်တော့်တို့ဆီ အမှုလာမဖွင့်သေးဘူး

ဟု ကျိုင်းတုံမြို့မစခန်းမှူး ဒုရဲမှူး သိန်းလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၁၆)ရက်နေ့ ညနေ (၇)နာရီ မိနစ် (၂၀) ဝန်းကျင်တွင် ပြောသည်။

 

အလောင်းကို ပန်ကြူရွာအနီး ကျိုင်းတုံ - တောင်ကြီးလမ်းမကြီးဘေး ခြုံတောထဲသို့ ပစ်ချထားခဲ့ကြောင်း သိရသဖြင့် ဖမ်းဆီးရမိသည့် ယာဉ်မောင်းနှင့် ရဲတပ်ဖွဲ့က အဆိုပါနေရာအား သွားရောက်စစ်ဆေးခဲ့ပြီး တိုင်းနေလူမှုကူညီရေးအသင်းက အလောင်းအား ဆယ်တင်၍ ကျိုင်းတုံဆေးရုံ မော်ကြူရီသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလောင်းကို ပန်ကြူနားမှာ ပစ်ထားခဲ့တာ။ ကျွန်တော်တို့အဖွဲ့တွေ ညနေ (၃)နာရီခွဲလောက်က လိုက်သယ်ပေးထားတယ်

ဟု ကျိုင်းတုံမြို့မှ တိုင်းနေနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

  

ပန်ကွဲတောင်တွင် ဇန်နဝါရီလ (၁၅) ရက်နေ့၊ ည (၉)နာရီဝန်းကျင်က ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး တိုက်မိပြီးနောက် ဆိုင်ကယ်စီးလာသူမှာ နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ကားမောင်းလာသောသူသည် သေဆုံးသွားသူအား ကားဖြင့်တင်သွားပြီး ပန်ကြူရွာအနီးတွင် လမ်းဘေးချုံအတွင်း ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်

ဓါတ်ပုံ - တိုင်းနေနာရေးကူညီမှုအသင်း

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။