တာချီလိတ်မြို့ ပါလျှံ(၁)အတွင်းရှိ လောင်းကစားဂိမ်းခုံ ရိုက်ခွဲဖျက်ဆီးခံရ

တာချီလိတ်မြို့ ပါလျှံ(၁)အတွင်းရှိ လောင်းကစားဂိမ်းခုံ ရိုက်ခွဲဖျက်ဆီးခံရ

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)အတွင်း အလိုတော်ပြည့်ဘုန်းကြီးကျောင်းအနီးရှိ လောင်းကစားဂိမ်းခုံ ၂၀၂၁ခုနှစ် ဇွန်လ(၃)ရက်နေ့ နံနက်(၂)နာရီခွဲဝန်းကျင်အချိန်က ဖျက်ဆီးခံရမှုဖြစ်ပွားကြောင်း သိရသည်။

အရပ်ဝတ်တွေနဲ့ပဲ၊  မဆိုင်တဲ့သူ မကပ်နဲ့လို့ပြောပြီးထုတာ။ ဂိမ်းခုံက (၃)(၄)ခုံရှိတာ အကုန်ပျက်ဆီးကုန်တယ်

ဟု အနီးဝန်းကျင်တွင်နေသူ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လာရောက်ဖျက်ဆီးသူမှာ အရပ်ဝတ်ဖြင့် လူ(၄)ဦးဟု သိရပြီး ဂိမ်းခုံရှိ လူများကိုတော့ ရန်ရှာခြင်းမရှိဘဲ စက်ပစ္စည်းများကိုသာ ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မှာက ဂိမ်းခုံတွေ အများကြီးပဲရှိတယ်။ ဂိမ်းခုံ တစ်ခုံ ဖွင့်ဖို့ဆိုတာက ဒီတိုင်းဖွင့်ရတာမဟုတ်ဘူး နယ်ထိန်းကနေ ခရိုင်အထိ လိုင်းကြေးတွေ အဆင့်ဆင့်ပေးရတာ။ နည်းနည်းနဲ့လည်းမရဘူး။ အဲ့လိုကြောင့် အခု ညမထွက်ရ အမိန့်ထုတ်ထားတဲ့အချိန်မှာတောင် လောင်းကစားဂိမ်းခုံတွေ ဖွင့်ခွင့်ရထားကြတာပေါ့။ နောက်ပြီး အခုလိုတွေဖြစ်လာတော့ တကယ်တမ်းဖြစ်လာရင် လိုင်းကြေးယူထားသူတွေက မကာကွယ်ပေးနိုင်ဘူး။

ဟု ပါလျှံ (၁)နေ အမျိုးသားတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ဒေသအုပ်ချုပ်ရေးအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ရရှိထားသည့် လောင်းကစားဂိမ်းခုံများမှာ ယခုလို မကြာခဏ ဖျက်ဆီးခံရမှုများ နှင့် လုယက်ခံရမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။