ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် အသစ်ထုတ်ဝေသည့် တစ်ထောင်ကျပ်တန်ငွေစက္ကူကို တာချီလိတ်တွင် လဲလှယ်သူများပြား

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် အသစ်ထုတ်ဝေသည့် တစ်ထောင်ကျပ်တန်ငွေစက္ကူကို တာချီလိတ်တွင် လဲလှယ်သူများပြား
ဇန်နဝါရီ 7, 2020
By Tachileik News Agency

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် အသစ်ထုတ်ဝေသည့် တစ်ထောင်ကျပ်တန်ငွေစက္ကူကို တာချီလိတ်တွင် လဲလှယ်သူများပြား

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် အသစ်ရိုက်နှိပ်ထုတ်ဝေလိုက်သည့် ကျပ်ငွေ (၁၀၀၀)တန် ငွေစက္ကူများကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့၌ လာရောက်လဲလှယ်သူ အများအပြားရှိနေသည်ကို တွေ့ရသည်။

“ဗိုလ်ချုပ်ပုံနဲ့ဆိုတော့ သိမ်းထားချင်လို့ လာလဲတာပါ။ ဒီလိုရုပ်ပုံလေးနဲ့မြင်ရတော့လည်း ကြည်နူးဖို့လည်း ကောင်းပါတယ်ရှင့်”ဟု တစ်ထောင်ကျပ်တန်ငွေစက္ကူသစ် လာရောက်လဲလှယ်နေသူ မသင်းသင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ရွှေတိဂုံဘုရားလမ်းရှိ မြန်မာစီးပွားရေးဘဏ်တွင် ဘဏ်စတင်ဖွင့်လှစ်ချိန်မှစ၍ ငွေစက္ကူအသစ် လဲလှယ်လိုသူများ ရောက်ရှိနေကြပြီး ဘဏ်က ငွေစက္ကူအသစ်လဲလှယ်သူများ၏ အမည်နှင့် ဖုန်းနံပါတ် ရယူပြီး ငွေလဲပေးနေသည်ကို တွေ့ရသည်။

“အမှတ်တရသိမ်းထားချင်လို့ပါ။ ဒီနေ့က လဲလို့ရပြီဆိုတော့ လာလဲတာပေါ့။ ဒီဘက်မှာ နယ်စပ်ဖြစ်လို့ ဘတ်သုံးနေတယ် ဆိုပေမဲ့ ကိုယ့်မြန်မာနိုင်ငံက ကျပ်ငွေသုံးတာလေ။ ဒါကတော့ ကိုယ့်နိုင်ငံခေါင်းဆောင်ပုံနဲ့ ပိုက်ဆံကို မြင်ရတဲ့အခါကျတော့ ကြည်နူးဝမ်းသာတာပေါ့ဗျာ။ ဂုဏ်ယူတာပေါ့ဗျာ”ဟု အငြိမ်းစား ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးရဲထူးက ပြောသည်။

မြန်မာနိုင်ငံသုံး ကျပ်ငွေစက္ကူများကို စစ်အစိုးရအုပ်ချုပ်သည့်ကာလအတွင်း ခြင်္သေ့ပုံများဖြင့် ရိုက်နှိပ် ထုတ်ဝေလာခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ပုံနှိပ်ထုတ်ဝေထားတဲ့ ကျပ်ငွေ (၁၀၀၀)တန်ငွေစက္ကူများကို (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ ဇန်နရီလ (၄)ရက်နေ့တွင် စတင်ထုတ်ဝေလာခြင်း ဖြစ်သော်လည်း ကြားကာလတွင် ရုံးပိတ်ရက်များဖြစ်နေ၍ ဇန်နဝါရီလ(၇)ရက်နေ့မှသာ တာချီလိတ်မြို့ အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ မြန်မာ့စီးပွားရေးဘဏ်များတွင် လဲလှယ်ပေးနေခြင်း ဖြစ်သည်။

တစ်ထောင်ကျပ်တန်ငွေစက္ကူသစ်များ ထုတ်ဝေသော်လည်း လက်ရှိလည်ပတ်သုံးစွဲနေသည့် ငွေစက္ကူများမှာလည်း တရားဝင်ငွေကြေးအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~