ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ထုတ်ဝေသည့် ကျပ်တစ်ထောင်တန်ကို မကွေးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လဲလှယ်သူများနေ၍ တစ်ဦးလျှင် တစ်ရွက်နှုန်းဖြင့် လဲပေးနေ

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ထုတ်ဝေသည့် ကျပ်တစ်ထောင်တန်ကို မကွေးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လဲလှယ်သူများနေ၍ တစ်ဦးလျှင် တစ်ရွက်နှုန်းဖြင့် လဲပေးနေ
ဇန်နဝါရီ 7, 2020
By Tachileik News Agency

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ထုတ်ဝေသည့် ကျပ်တစ်ထောင်တန်ကို မကွေးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လဲလှယ်သူများနေ၍ တစ်ဦးလျှင် တစ်ရွက်နှုန်းဖြင့် လဲပေးနေ

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် အသစ်ရိုက်နှိပ်ထုတ်ဝေလိုက်သည့် ကျပ်တစ်ထောင်တန် ငွေစက္ကူများကို မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့၌ လာရောက်လဲလှယ်သူ များပြားနေသဖြင့် လူတစ်ဦးလျှင် (၁) ရွက်နှုန်းဖြင့် လဲပေးနေကြောင်း သိရသည်။

“ဒီပိုက်ဆံက နောက်လည်း ရလာမှာဆိုပေမဲ့ ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူကို ဦးဦးဖျားဖျားရချင်လို့ပါ။ တစ် ထောင်တန်ချင်း အတူတူ တန်ဘိုးဘာကွာလဲဆိုတော့ ဒီပိုက်ဆံမှာက ကျွန်တော်တို့ကြည်ညိုတဲ့ ဗိုလ်ချုပ်ပုံပါတယ်။ ငယ်ငယ်တုန်းကတော့ အဖွားသိမ်းထားတဲ့ ၁၅ ကျပ်တန်တို့ ၇၅ကျပ်တန်တို့မှာပဲ ဗိုလ်ချုပ်ရုပ်ပုံနဲ့ တွေ့ခဲ့ရတာ။ ဒီလို မမြင်ရတော့ဘူးလို့ ထင်ထားခဲ့တာ ခုလိုပြန်မြင်ရတာ အရမ်းဝမ်းသာတယ်။ နောက်အစိုးရ ပြောင်းလဲသွားမယ်ဆိုရင်တောင် နောက်ထုတ်မယ့် ပိုက်ဆံတွေမှာလည်း ဒီလိုမျိုးပဲထုတ်စေချင်ပါတယ်။ ဗိုလ်ချုပ်က အစိုးရတစ်ခုရဲ့ ပြယုဂ်မဟုတ်ဘဲ နိုင်ငံရဲ့ ပြယုဂ်မို့ပါ” ဟု မကွေးမြို့ ရွာသစ်ရပ်ကွက်နေသူ ကိုကောင်းထက်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ထုတ်ဝေသည့် ကျပ်တစ်ထောင်တန်ငွေစက္ကူများကို နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပေးသည့် ခွဲတမ်းအရ လာရောက်လဲလှယ်သည့်သူတိုင်းရရှိစေရန် ကနဦးအနေဖြင့် တစ်ဦးလျှင် (၁)ရွက်နှုန်းဖြင့်သာ လဲလှယ်ပေး နေခြင်းဖြစ်ကြောင်း ဘဏ်မန်နေဂျာထံမှ သိရသည်။

“မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အရ ဒီနေ့ ဗိုလ်ချုပ်ရုပ်ပုံပါ ကျပ်တစ်ထောင်တန် ငွေစက္ကူတွေကို မကွေးတိုင်းအတွင်းမှာရှိတဲ့ ခရိုင်ဘဏ်(၅)ဘဏ်နဲ့ မြို့နယ်ဘဏ်(၂၁)ဘဏ်မှာ လဲလှယ်ပေးနေပါတယ်။ ဗဟိုဘဏ်ကရရှိတဲ့ ခွဲတမ်းအရ လာရောက်လဲလှယ်သူတိုင်းကို မရမရှိ ရစေချင်တာကြောင့် လောလောဆယ် တစ်ယောက်ကို တစ်ရွက်နှုန်းနဲ့ လဲလှယ်ပေးနေပါတယ်။ ဒီလို ဘဏ်ကို လာရောက်လဲလှယ်သူ တွေကိုသာမကဘဲ ပင်စင်စားတွေလည်း ပင်စင်ထုတ်တဲ့အခါ တစ်ယောက်ကို တစ်ရွက်နှုန်းရရှိစေဖို့နဲ့ ဌာနဆိုင်ရာတွေ လစာတွေထုတ်တဲ့အခါမှာလည်း ဝန်ထမ်းတွေရရှိစေဖို့အတွက် ဌာနတစ်ခုကို တစ်အုပ်နှုန်း ဖြန့်ဝေပေးဖို့လည်း စီစဉ်ထားပါတယ်”ဟု မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ဥမ္မာသန်းက ပြောသည်။

လောလောဆယ် တစ်ဦးလျှင် (၁)ရွက်နှုန်းဖြင့် လဲလှယ်ပေးနေခြင်းဖြစ်သော်လည်း နောက်ရက်များတွင် လာရောက် လဲလှယ်သူနှင့် လက်ကျန်ငွေပမာဏအရ လဲလှယ်ပေးမည်ဖြစ်ပြီး ငွေစက္ကူလဲလှယ်သည့်အခါတွင်လည်း မည်သည့် သက်သေခံအ ထောက်အထားမှ ပါရှိ ပြသရန်မလိုဘဲ လဲလှယ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~