ပန္နက်ရိုက်အခမ်းအနားသွားသည့် စစ်တပ်သုံးလေယာဉ်တစ်စီး ပြင်ဦးလွင်တွင် ပျက်ကျ၍ (၁၄)ဦးအနက် (၁၂)ဦးသေဆုံး

ပန္နက်ရိုက်အခမ်းအနားသွားသည့် စစ်တပ်သုံးလေယာဉ်တစ်စီး ပြင်ဦးလွင်တွင် ပျက်ကျ၍ (၁၄)ဦးအနက် (၁၂)ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်အတွင်း ပရိပတ္တိစာသင်တိုက်ကြီး ပန္နက်တော်တင် အခမ်းအနား ကျင်းပရန်အတွက်သွားရောက်သည့် စစ်တပ်သုံးလေယာဉ်တစ်စီး ယနေ့  ဇွန်လ (၁၀)ရက် နံနက်ပိုင်းက ပျက်ကျခဲ့ရာ  (၁၄)ဦးအနက် (၁၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအုပ်စု၊ ကျောက်ဖျာဒိုးကျေးရွာတွင် ဆောက်လုပ်မည့် မဟာဝိသုတာရာမဈေးကုန်းပရိပတ္တိစာသင်တိုက်ကြီး ပန္နက်တော်တင် အခမ်းအနား ကျင်းပရန်အတွက် သွားရောက်စဉ်မှာ  လေယာဉ်ပျက်ကျ၍ ယခုလို ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

လေယာဉ်ပေါ်တွင် ဈေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရ အပါအဝင် သံဃာနှင့်အလှူရှင် (၈)ဦးနှင့်အတူ လေယာဉ်အမှုထမ်း(၆)ဦး စုစုပေါင်း (၁၄)ဦး လိုက်ပါလာရာ (၁၂)ဦး သေဆုံးပြီး မောင်ပိုင်ဘုန်းပြည့် နှင့် တပ်ကြပ်ကြီးကောင်းစံဝင်းတို့ (၂)ဦးမှာ အသက်ရှင်ကျန်ရစ် ပြင်ဦးလွင်မြို့ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

စစ်တပ်သုံးလေယာဉ်သည် နေပြည်တော် လေဆိပ်မှ အနီးစခန်းလေဆိပ်(ပြင်ဦးလွင်)သို့ ထွက်ခွာလာစဉ် နံနက်(၈)နာရီဝန်းကျင်တွင် အနီးစခန်းလေဆိပ်သို့ ဆင်းသက်စဉ်တွင် လေဆိပ်အနီး ပြင်ဦးလွင် သံမဏီစက်ရုံ၏ အရှေ့တောင်ဘက်အရောက်  ဆက်သွယ်မှုပြတ်တောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

လေယာဥ်ပျက်ကျမှု အကြောင်းအရင်းကို လေယာဥ်တွင်ပါသည့် Black Box အားစစ်ဆေးပြီးမှ သိရှိနိုင်မည်ဖြစ်ပြီး  လက်ရှိတွင် စစ်သားများက အဆိုပါနေရာ၌ ရှင်းလင်း ရှာဖွေရေး လုပ်ဆောင်လျှက်ရှိသည်။

#TachileikNewsAgency