အာဏာသိမ်းစစ်ကောင်စီ၏ ပြစ်ဒဏ်လွှတ်ငြိမ်းဖြင့် ကျိုင်းတုံအကျဉ်းထောင်ကနေ စစ်ပြေးနှင့်စစ်စည်းကမ်းဖောက်ဖျက်သူ (၁၀)ဦး လွှတ်

အာဏာသိမ်းစစ်ကောင်စီ၏ ပြစ်ဒဏ်လွှတ်ငြိမ်းဖြင့် ကျိုင်းတုံအကျဉ်းထောင်ကနေ စစ်ပြေးနှင့်စစ်စည်းကမ်းဖောက်ဖျက်သူ (၁၀)ဦး လွှတ်
ဧပြီ 18, 2022 | ရှမ်းရှေ့

 အာဏာသိမ်းစစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့အဖြစ် ပြစ်ဒဏ် လွှတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးလာသူများအနက် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းက လွတ်မြောက်လာသူ(၂၂)ဦးတွင် မတရားဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသားများ မပါဝင်ဘဲ စစ်ပြေးမှုဖြင့် ပစ်ဒဏ်ချမှတ်ခံထားရသည်များထဲက (၁၀)ဦး ပါဝင်ကြောင်း သိရသည်။

ကျိုင်းတုံအကျဉ်းထောင်မှ စစ်ပြေးမှုဖြင့် ပစ်ဒဏ်ချမှတ်ခံထားရသူ(၉)ဦး နှင့် တပ်စည်းကမ်းဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံရသူ (၁)ဦး အပါအဝင် မူးယစ်မှု (၁)ဦး နှင့် တရုတ်နိုင်ငံသား(၁)ဦး စုစုပေါင်း (၁၂)ဦး လွှတ်မြောက်ပြီး မိုင်းဆတ်အကျဉ်းထောင်မှ  (၁၀)ဦး လွတ်မြောက်ကြောင်း သိရသည်။

"မတရားသဖြင့် ဖမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ၅၀၅-က တွေ မပါဘူး၊ တပ်မတော်အက်ဥပဒေနဲ့ ပြစ်ဒဏ်ချထားတဲ့ အကျဉ်းသားတွေပဲ ပါတယ်။ စစ်ပြေးတို့၊ တပ်စည်းကမ်းဖောက်ဖျက်မှုတို့ နဲ့ ပြစ်ဒဏ်ချထားသူတွေပေါ့"ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ အကျဉ်းထောင်(၂)ခုအနက် မိုင်းဆတ်အကျဉ်းထောင်မှ (၁၀)ဦး လွတ်မြောက်လာရာ ၎င်းတို့သည် မည်သည့် အမှုဖွင့် ပြစ်ဒဏ်ချမှတ်ခံထားရသည်ကို အသေးစိတ်မသိရသေးသော်လည်း ၎င်းတို့သည် အမျိုးသားများဖြစ်သည်ဟုသာ သိရသည်။

နိုင်ငံခြားသားအနေဖြင့် ကျိုင်းတုံအကျဉ်းထောင်မှ လွှတ်ပေးလိုက်သည့် တရုတ်နိုင်ငံသားမှာ လဝကအက်ဖြင့် ပြစ်ဒဏ်ချထားသည့် အသက်(၂၆)နှစ်အရွယ် အမျိုးသားဖြစ်ပြီး တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်က ဖြစ်ကြောင်း သိရသည်။

၂၀၂၂ သင်္ကြန်အလွန် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံသား အကျဉ်းသူ အကျဉ်းသား စုစုပေါင်း (၁၅၇၇)ဦး နှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ(၄၂)ဦး လွှတ်ပေးလာခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency