မူဆယ်တွင်လမ်းမပေါ်၌ ကားမောင်းကာ သေနတ်ဖြင့် လိုက်လံပစ်ခတ်၍ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

မူဆယ်တွင်လမ်းမပေါ်၌ ကားမောင်းကာ သေနတ်ဖြင့် လိုက်လံပစ်ခတ်၍ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
ဒီဇင်ဘာ 24, 2019
By Tachileik News Agency
မူဆယ်တွင်လမ်းမပေါ်၌ ကားမောင်းကာ သေနတ်ဖြင့် လိုက်လံပစ်ခတ်၍ 
တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) မူဆယ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့ ည (၇)နာရီဝန်းကျင်က လမ်းပေါ်တွင် မော်တော်ယာဉ်တစ်စီးကို မော်တော်ယာဉ်(၂)စီးဖြင့် သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုဖြစ်ပွားပြီး အပစ်ခတ်ခံရသည့် မော်တော်ယာဉ်ပေါ်မှ တစ်ဦးသေကာ ကျန်တစ်ဦးဒဏ်ရာရသွားသည့်အပြင် လမ်းသွားလမ်းလာတစ်ဦးလည်း ထိခိုက် ဒဏ်ရာရသွားကြောင်း သိရသည်။

"ညက ပစ်ခတ်မှုဖြစ်ပွားတာနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးနေဆဲပဲ ရှိပါသေးတယ်။ သေဆုံးသူ ဘယ်သူ ဘယ်ဝါ ဆိုတာရယ် အဖြစ်အပျက်က ဘယ်လိုစဖြစ်တယ်ဆိုတာရယ် မသိရသေးပါဘူး" ဟု မူဆယ်မြို့မရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင်က ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် မော်တော်ယာဉ်ပေါ်မှ အသက် (၂၂) နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး မော်တော်ယာဉ်ပေါ်ပါသည့် ကျန်အမျိုးသားတစ်ဦးနှင့် လမ်းပေါ်မှ အမျိုးသားတစ်ဦးတို့မှာလည်း သေနတ်ဒဏ်ရာများ ရသွားသဖြင့်  ကရုဏာလူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

"မင်္ဂလာမူဆယ်နဲ့ မူဆယ်မြို့အကြားထဲက တော်ရွက်ကျေးရွာ လမ်းမပေါ်မှာ ဖြစ်တာပါ။ သူတို့အကြောင်းကြား လာတာနဲ့ လူနာနဲ့ သေဆုံးသူကိုသွားပြီး သယ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ မနေ့က ( ၂၃ ရက်နေ့) ည ၇ နာရီ လောက်မှာဖြစ်တာ။ ဒဏ်ရာရလူနာ (၂) ဦးကိုတော့ လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပြီး ဖြစ်ပါတယ်" ဟု အခင်းဖြစ်ရာသို့ သွားရောက်ကူညီပေးခဲ့သည့် ကရုဏာလူမှုကူညီရေးအသင်းမှ အသင်းဥက္ကဌ ဦးသောင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ပြောသည်။

မြို့တွင်း ပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သူဖြစ်သည်ကို ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခြင်းမရှိသေးဘဲ ပစ်ခတ်ခံရသည့် မော်တော်ယာဉ်ကို အခြားမော်တော်ယာဉ်နှစ်စီးဖြင့် လိုက်လံပစ်ခတ်သည်ကို ဒေသခံများက တွေ့မြင်ခဲ့ရကြောင်း သိရသည်။

“ မင်္ဂလာမူဆယ်ဘက်ကနေ ယာဉ်တိုက်မှု ဖြစ်တယ်ထင်တယ်။ အဖြူရောင် mark ll တစ်စီးနောက်ဘက် ပိန့်ရှုံ့ပြီးမောင်းပြေးလာတယ်။ နောက်မှာ ကား (၂) စီး နောက်ကနေ တရကြမ်းလိုက်နေပြီး သေနတ်နဲ့ လိုက်ပစ်နေကြတယ်။ အစက သေနတ်သံမထင်ဘဲ ကားပေါ်ကနေ ဗျောက်ဖောက်ပြီး ပစ်ချနေတယ် ထင်သေးတယ်။ ကိုယ့်အနားရောက်မှ သေနတ်နဲ့လိုက်ပစ်နေမှန်းသိတော့ အုတ်တံတိုင်းကို ကမန်းကတန်း အကာအကွယ် ယူလိုက်ရတယ်။ ဖွေးဟုန်းရပ်ကွက် လမ်းမအတိုင်း တော်ရွက်ဘက်ကွေ့ပြီး မောင်းပြေးတော့ အဆက်မပြတ် သေနတ်သံကြားနေတုန်းပဲ။ ကျွန်တော်ထင်တယ် ရှေ့ကမောင်းပြေးတဲ့ ကားသမား ပြေးမလွတ်နိုင်ဘူး။ တော်ရွက်လမ်းအတိုင်းထွက်ပြေးသွားတော့ တနေရာမဟုတ်တနေရာ မိမယ်။ သေမလား ရှင်မလားတော့မသိ။ ကိုယ်တော့ အတော့်ကို ကံကောင်းတယ်။ နောက်ကနေ လိုက်လံပစ်ခတ်နေတာ ဗျောက်ဖောက်တာမှတ်ပြီး လှည့်ပြီး ရပ်ကြည့်နေသေးတယ်။ ကားကို မမှန်ဘဲ ကိုယ့်လာမှန်ရင် ခုချိန် မသာပေါ်နေပြီ။ အတော့်ကို ကံကြီးတယ်။ အိမ်ရောက်တော့ ခုစာရေးနေချိန်ထိ ရင်ထဲ ကတုန်ကရင်ဖြစ်နေတုန်း”ဟု လမ်းပေါ်တွင် လိုက်လံပစ်ခတ်မှုကို မျက်မြင်ကြုံခဲ့ရသူတစ်ဦးက facebook တွင် ရေးသားထားသည်ကို တွေ့ရသည်။

ဒဏ်ရာရသွားသည့် အမျိုးသားနှစ်ဦးအနက် မော်တော်ယာဉ်ပေါ်မှ အမျိုးသားမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ကရုဏာလူမှုကူညီရေးအသင်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~