တာချီလိတ်မြို့တွင် ကျပ်သိန်းပေါင်း (၆၂၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိပြီး (၂)ရက်အကြာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့က သတင်းထုတ်ပြန်

တာချီလိတ်မြို့တွင် ကျပ်သိန်းပေါင်း (၆၂၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိပြီး (၂)ရက်အကြာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့က သတင်းထုတ်ပြန်

 မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း၌ ကျပ်သိန်းပေါင်း (၆၂၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိပြီးနောက် (၂)ရက်အကြာတွင် မူးယစ်ဗဟိုက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်လာသည်။

တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ပါကွေ့ကျေးရွာ မှ လွယ်တော်ခမ်းကျေးရွာဘက်သို့ ၂၀၂၂ခုနှစ် ဇွန်လ(၂၇)ရက်နေ့ ည(၁၀)နာရီ ဝန်းကျင်အချိန်က အားကျို့မောင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာကနေ တဆင့် စမ်းလုကျေးရွာရှိ နေအိမ်တွင် မူးယစ်ဆေးဝါးများစွာ တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ကနဦးတွင် အားကျို့ထံက စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀)ပြားကို တွေ့ရှိရ၍ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးရရာက လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း စန်းလုကျေးရွာ ရာဘာခြံရှိ အားဆော်၏ နေအိမ်မှ အဆိုပါ နေ့၏ ည(၁၂)နာရီဝန်းကျင်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၄.၉၆)သိန်း နှင့် ဘိန်းဖြူ (ဝ.၆၈)ကီလို၊ အိုက်စ် (.၉)ကီလို အပြင် ကက်တမင်း (ဝ.၇)ကီလိုတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ပြီး အဆိုပါ နေအိမ်မှ အားဆော် ဆိုသူမှ တိမ်းရှောင်သွားသည်ဟု သတင်းထုတ်ပြန်ထားသည်။

ကျပ်သိန်းပေါင်း (၆၂၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမှုနှင့် ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားရှိပြီး ကွင်းဆက်ဖော်ထုတ်ရရှိရေးအတွက် စုံစမ်းနေသည်ဟု သိရသည်။