ဂူတွင်းအဓိဌာန်ဝင်နေသည့် မိုင်းဖုန်းဆရာတော်၏ သက်တော်(၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့ကို မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအတွင်း (၄)နေရာတွင် ကျင်းပမည်

ဂူတွင်းအဓိဌာန်ဝင်နေသည့် မိုင်းဖုန်းဆရာတော်၏ သက်တော်(၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့ကို မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအတွင်း (၄)နေရာတွင် ကျင်းပမည်
ဒီဇင်ဘာ 29, 2019
By Tachileik News Agency
ဂူတွင်းအဓိဌာန်ဝင်နေသည့် မိုင်းဖုန်းဆရာတော်၏ သက်တော်(၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့ကို 
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအတွင်း (၄)နေရာတွင် ကျင်းပမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နှင့် မိုင်းပျဉ်းမြို့ကြား၊ မုန်းကျက်ကျေးရွာရှိ ဂူတွင် (၃)နှစ်(၃)လ(၃)ရက်  အဓိဌာန်ဝင်နေသည့် မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တဉာဏသံဝရ၏ (၅၆) နှစ်မြောက် အဖြစ်  ဝိဇာတမွေးနေ့ ပူဇော်ပွဲကို မြန်မာနှင့် ထိုင်းနိုင်ငံတို့ရှိ နေရာ (၄) ခုတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့၌ ကျင်းပရန်အတွက် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း သိရသည်။

ဆရာတော်၏ မွေးနေ့အလှူကို ဆရာတော်၏ ကျောင်းတိုက်တည်ရှိရာ တာချီလိတ်မြို့၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ပါဆာရွာရှိ လွန်းလိန်းကျောင်းတိုက်တွင် အပါအဝင် မိုင်းဆတ်မြို့နယ်ရှိ မိုင်းကျက်ဂူနှင့် လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရှိ နန်းကျင်ပူ စေတီတော်တို့တွင် ကျင်းပမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင်လည်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

"သံဃာတော် (၅၆) ပါးပင့်မယ်။ တာချီလိတ်နဂါးနှစ်ကောင်ဆရာတော်အပါအဝင် ဆရာတော်ကြီး (၉) ပါးပါမယ်။ မိုင်းဖုန်းဆရာတော်ဘုရားရုပ်တုကို အလယ်မှာထားပြီး မေတ္တာပို့ ပရိတ်တရားနာမယ်။ (၁) ရက်နေ့ကနေစပြီး (၅) ရက်နေ့ထိ ပရိတ်ရွတ်ဖတ်တာတွေ လုပ်မှာပေါ့"ဟု တာချီလိတ်မြို့ရှိ မိုင်းဖုန်းဆရာတော်၏ ကျောင်းတိုက်တွင် ကျင်းပမည့် ဝိဇာတမွေးနေ့အလှူနှင့် ပတ်သက်၍ မိုင်းဖုန်း(က)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းဆွမ်လစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆရာတော်မွေးနေ့ပွဲလာရောက်မည့် ရပ်ဝေး၊ ရပ်နီးမှ ဒကာ၊ ဒကာမများအတွက် ဇန်နဝါရီလ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ပြီး ဆရာတော် အဓိဌာန်ဝင်နေသည့် မုန်းကျက်(အောက်ဂူ) ဂူဝတွင်ရှိသည့် (၇) ထပ်ကျောင်းဆောင်အား ထီးတော် တင်လှူသွားမည် ဖြစ်ကြောင်း သိရသည်။

ဆရာတော်သည် မိုင်းဆတ်ခရိုင်၊  မိုင်းဆတ်မြို့နှင့် မိုင်းပျဉ်းမြို့ကြား၊ မုန်းကျက်ကျေးရွာရှိ ဂူတွင် ၂၀၁၉ ခုနှစ် ဧပြီလမှစ၍ (၃)နှစ်(၃)လနှင့်(၃)ရက် ကြာ ဂူတွင်းတရားကျင့်ကြံအားထုတ်နေခြင်းဖြစ်သည်။

 ပုံအညွှန်း - မုန်းကျက်(အောက်ဂူ) ဂူဝတွင် ပြင်ဆင်နေပုံ

Tachileik News Agency
ဓါတ်ပုံ - Maha Wong

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~