တာချီလိတ်မြို့၏ (၅၈)ရက်အတွင်း Covid-19 ကြောင့် ဆေးရုံတွင် သေဆုံးသူ (၁၁၀)ဦး ရှိနေ

တာချီလိတ်မြို့၏ (၅၈)ရက်အတွင်း Covid-19 ကြောင့် ဆေးရုံတွင် သေဆုံးသူ (၁၁၀)ဦး ရှိနေ
စက်တင်ဘာ 13, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့၏ Covid-19 ကာလအတွင်း Covid-19 ကူးစက်ခံရ၍ တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုမှု ခံယူနေရင်း သေဆုံးသွားသူမှာ  (၅၈)ရက်အတွင်း (၁၁၀)ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ(၁၃)ရက်နေ့၏ တစ်နေ့တာအနေဖြင့် နံနက်(၄)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း ဝမ်ပုံမှ အသက်(၆၁)နှစ်ရှိ အမျိုးသားတစ်ဦး သေဆုံးသလို နံနက်(၅)နာရီအချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းနေ အသက်(၆၃)နှစ်ရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး နံနက်(၆)နာရီခွဲဝန်းကျင်အချိန်တွင် ပုန်းထွန်ရပ်ကွက်နေ အသက်(၅၄)နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း သေဆုံးသွားခဲ့၍ စက်တင်ဘာလ(၁၃)ရက်နေ့ တစ်နေ့တာအတွင်း ဆေးရုံတွင် သေဆုံးသူ (၃)ဦးရှိသည်။

တာချီလိတ်မြို့၏ Covid-19 ကာလအတွင်း  Covid-19 ကူးစက်ခံရပြီး ရောဂါအခံကြောင့် သေဆုံးမှုသည် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်က စတင်ခဲ့ရာ စက်တင်ဘာလ(၁၃)ရက်နေ့အထိ ရက်ပေါင်း (၅၈)ရက်အတွင်း သေဆုံးသူမှာ စုစုပေါင်း (၁၁၀)ဦးအထိ ရှိလာနေပြီဖြစ်သည်။

သေဆုံးသူ (၁၁၀)ဦးမှာ ပြင်ပတွင် သေဆုံးသူများမဟုတ်ဘဲ Covid-19 ကူးစက်ခံရပြီး ရောဂါအခံများကြောင့် တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသရင်း သေဆုံးသူများဖြစ်ရာ သေဆုံးသူများတွင် အသက်ငယ်ဆုံးအနေဖြင့် မကာဟိုခမ်းရပ်ကွက်မှ (၁၄)နှစ်အရွယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 သံသယရှိသူများကို ဆေးရုံဟောင်းအတွင်း ယခင်က ပိတ်ရက်မရှိ နေ့စဉ် စစ်ဆေးပေးနေရာမှ နောက်ပိုင်းများတွင် တစ်ပတ်လျှင် (၃)ရက်သာ စစ်ပေးတော့သည့်အတွက် မိမိကိုယ်ကို သံသယရှိသူများမှာ သွားမစစ်ကြတော့ဘဲ ကိုယ့်ဘာသာနေအိမ်တွင် စစ်ဆေးနေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 ကာလအတွင်း သေဆုံးသူ (၁၁၀)မှာ ဆေးရုံတွင် သေဆုံးသူများသာ ဖြစ်ပြီး နေအိမ်များတွင် မိမိအစီအစဉ်ဖြင့် နေထိုင်ပြီး ဆေးဝါးကုသရင်း သေဆုံးသူများမှာ ဆေးရုံတွင် သေဆုံးသည့် လူဦးရေထက် များပြားကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။