တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစား လုပ်ငန်းနေရာကို တိုင်းမှူးအမိန့်ဖြင့် ဝင်ရောက်စီးနင်း၊ ဖမ်းဆီးခံထားရသည့် မြန်မာလူငယ် အများအပြားကို ပြန်မလွတ်ပေးသေးသည့်အပြင် ဖုန်းနှင့်ဆိုင်ကယ်များလည်း သိမ်းဆည်းခံထားရ

တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစား လုပ်ငန်းနေရာကို တိုင်းမှူးအမိန့်ဖြင့် ဝင်ရောက်စီးနင်း၊ ဖမ်းဆီးခံထားရသည့် မြန်မာလူငယ် အများအပြားကို ပြန်မလွတ်ပေးသေးသည့်အပြင် ဖုန်းနှင့်ဆိုင်ကယ်များလည်း သိမ်းဆည်းခံထားရ
ဖေဖော်ဝါရီ 23, 2024 | မှုခင်းသတင်း| ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် အောင်ခိုင်ဝင်း၏ အစီအစဉ်ဖြင့် ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးထားသည့် ရာနှင့်ချီသည့် လူငယ်များကို ရဲအချုပ်ကားဖြင့် ခေါ်ဆောင်သွားရာ နေ့လည်ပိုင်းအချိန်အထိ ပြန်လည် လွတ်ပေးလာခြင်း မရှိသေးသလို ဖုန်းနှင့်ဆိုင်ကယ်များလည်း သိမ်းဆည်းခံထားရကြောင်း သိရသည်။

 ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်က စပြီး အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် အောင်ခိုင်ဝင်း၏ အစီအစဉ်ဖြင့်   ဝင်ရောက်စီးနင်းပြီး ယူစရာရှိတာများကို သိမ်းယူပြီးနောက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့တပ်ထံ အကြောင်းကြားသည်ဟု သိရသည်။

"အခု အစီအစဉ်က  တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် အောင်ခိုင်ဝင်း ရဲ့ အစီအစဉ်နဲ့လာတာ လာဖမ်းတဲ့အဖွဲ့က တြိဂံဒေသတိုင်းစစ်ဌာနချုပ်က လာတာ၊ တာချီလိတ်က တပ်ပိုင်းနဲ့ရဲပိုင်းက လူတွေတောင် နောက်မှ သိရတာ။ အထက်မှာ အချင်းချင်း ဘာတွေ မပြေမလည်ဖြစ်နေကြလဲဆိုတာတော့ မပြောတတ်ဘူး"ဟု တပ်ပိုင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းနောက် တာချီလိတ်ရဲတပ်ဖွဲ့က အချုပ်ကားများဖြင့် စစ်တပ်က ခိုင်းသည့်အတိုင်း အမျိုးသားများကို အရင်ဆုံး ခေါ်ဆောင်သွားပြီးနောက် အမျိုးသမီးများကို နံနက်(၁၀)နာရီဝန်းကျင်တွင် အချုပ်ကားများဖြင့် တင်ဆောင်သွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများတွင် ထိုင်းနိုင်ငံသား၊ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပါဝင်ရာတွင် ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသား အများဆုံးဖြစ်ပြီး စုစုပေါင်း အရေတွက်မှာ အနည်းဆုံး (၂၀၀)ကနေ (၃၀၀)အထက် ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းခွင်ထဲတွင် ခန့်မှန်းခြေအားဖြင့် နေ့ဆိုင်းနှင့် ညဆိုင်းအပါ လူငယ်ဦးရေမှာ (၈၀၀)ကျော်ရှိနိုင်ပြီး ညဆိုင်းတွင်လည်း အနည်းဆုံး (၃၀၀)အထက်ကနေ (၅၀၀)ဝန်းကျင်အထိ ရှိနိုင်ကြောင်း သိရသည်။

"အခု နေ့လည်(၁၂)နာရီအထိ မြန်မာလူငယ်တွေကို တစ်ယောက်မှ ပြန်မလွတ်ပေးသေးဘူး။ နင်တို့ကို ပြန်လွတ်ပေးမယ်လို့ ဖမ်းတုန်းက ပြောပေမဲ့ ခုထိ ပြန်မလွတ်သေးဘူး။ ဖုန်းတွေ ဆိုင်ကယ်တွေလည်း သိမ်းသွားတာ။ ပြန်ရပါ့မလားမသိဘူး။ သူတို့တွေ ရတဲ့ လုပ်အားခလေးနဲ့ ဝယ်ထားရတာလေးတွေပေါ့။ ဖမ်းခံရတဲ့သူတွေထဲမှာ ကြောက်နေကြသလို ငိုလည်း ငိုနေကြတယ်။"ဟု Tachileik News Agency ၏ သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

တာချီလိတ်မြို့တွင် လောင်းကစားလုပ်ငန်းဖမ်းဆီးမှုများနှင့်ပတ်သက်၍ ကွက်ကျားဖမ်းဆီးမှုများနှင့် ဘက်လိုက်ဖမ်းဆီးမှုများမှာ ယခင်ကတည်းက အစဉ်အလာတခုလိုဖြစ်နေပြီး ယခုအခါတွင်လည်း ယခင် အစဉ်အလာအတိုင်း ဖြစ်ဟန်ရှိသည်ဟု ဒေသခံအချို့က သုံးသပ်ထားသည်။

"တာချီလိတ်တစ်မြို့လုံး လောင်းကစားလုပ်ငန်းတွေကို အမှန်တကယ် နှိမ်နင်းမယ်ဆိုရင်လည်း ဟိုတယ်တွေ နဲ့ တပ်ပိုင်ဟိုတယ်တွေ အပြင်နေရာတွေဆိုပြီး ရွေးစရာမလိုဘဲ အကုန်ဖမ်းပေါ့။ သူတို့ အချင်းချင်း အပေးအယူမတည့်လို့ အမြင်ကပ်လို့ ဆိုတာမျိုးတွေကြောင့်ရယ် ကွက်ကျား ကွက်ကျား သဘောမျိုးရယ်တော့ မဖြစ်သင့်ဘူးလေ။ ပြီးတော့ လုပ်ငန်းကိုပဲ ဖမ်းပေါ့။ လူငယ်တွေကို မဖမ်းဘဲ ပြန်လွတ်သင့်တယ်။ နောက်ပြီး သူတို့ အသုံးပြုနေတဲ့ ဖုန်းတွေနဲ့ ဆိုင်ကယ်တွေက လုပ်ငန်းနဲ့ဆက်စပ်တာမှ မဟုတ်တာ။ ကွန်ပျူတာကို သိမ်းတယ်ဆိုရင်တော့ သဘာဝကျတာပေါ့။ အခုတော့ အဲ့လိုမဟုတ်ဘဲ ကလေးတွေရဲ့ ဖုန်းတွေ ဆိုင်ကယ်တွေကို သိမ်းတာကတော့ လုံးဝ မဖြစ်သင့်ပါဘူး။ အခုလို ဖမ်းခိုင်းတဲ့ တိုင်းမှူးအနေနဲ့လည်း ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်တွေကို ဒီကနေ ငှဲ့ညာသနားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်"ဟု မြို့မိမြို့ဖ တစ်ဦးက အကြံပြုပြောဆိုသည်။

လက်ရှိတွင် ဖမ်းဆီးထားသည့် ရာနှင့်ချီသည့် လူငယ်များကို ခမရ(၃၃၁) သို့မဟုတ် ခမရ (၃၅၉)တပ်ထဲတွင် ထားရှိကာ ကိုယ်ရေးအချက်အလက်များ စစ်ဆေးနေသည်ဟု သိရသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ Tachileik News Agency အနေဖြင့် အတည်မပြုနိုင်သေးပေ။

ဖမ်းဆီးမှုအတွင်း ကွန်ပျူတာများစွာနှင့် မီးခံသေတ္တာများ အပြင် အဆိုပါနေရာတွင် လာရောက် လုပ်ကိုင်သည့် လူငယ်များ၏ ကားနှင့်ဆိုင်ကယ်များအပြင် ဖုန်းများ သိမ်းဆည်းထားသည်ဟုသိရသည်။