တာချီလိတ် - မယ်ဆိုင်အကြား ချစ်ကြည်ရေးတံတား(၁)ပေါ်က တောင်းရမ်းစားသောက်သူများကို ထိုင်းစည်ပင် ရှင်းလင်း

တာချီလိတ် - မယ်ဆိုင်အကြား ချစ်ကြည်ရေးတံတား(၁)ပေါ်က တောင်းရမ်းစားသောက်သူများကို ထိုင်းစည်ပင် ရှင်းလင်း
ဒီဇင်ဘာ 27, 2019
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင်အကြား ချစ်ကြည်ရေးတံတား(၁)ပေါ်က တောင်းရမ်းစားသောက်သူများကို 
ထိုင်းစည်ပင် ရှင်းလင်း

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ကို ဆက်သွယ်ထားသည့် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့ညပိုင်းက တောင်းရမ်းနေသည့် အမျိုးသားတစ်ဦးအား မယ်ဆိုင်စည်ပင်သာယာရေးဌာမှ တာဝန်ရှိသူများက စစ်ဆေးတွေ့ရသဖြင့် တာချီလိတ်ဘက် ပြန်လွှတ်လိုက်ကြောင်း သိရသည်။

မယ်ဆိုင်ဘက်တွင် အိမ်ခြေမဲ့များ၊ တောင်းရမ်းစားသောက်သူများနှင့် အခြားသော လူမှုရေးပြဿနာများဖြင့် လမ်းဘေးရောက်နေသူများကို စည်ပင်သာယာရေးနှင့် လူမှုဝန်ထမ်းတို့ ပူးပေါင်းပါဝင်သည့်အဖွဲ့က ည (၇)နာရီမှ (၉)နာရီအထိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့က မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားတွင် စစ်ဆေးရာ တောင်းရမ်းစားသောက်နေသည့် အမျိုးသားတစ်ဦးကို တွေ့ရပြီး ၎င်းထံမှ တရားမဝင်ပစ္စည်းများမတွေ့ရသဖြင့် နေရပ်ပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ် - မယ်ဆိုင် ပေါင်းကူးတံတားဖြစ်သည့် ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင်  ကလေးသူငယ်များ၊ အမျိုးသမီးများ နှင့် သက်ကြီးများဖြင့် တောင်းရမ်းစားသောက်နေသူများကို အတူပူးပေါင်း ရှင်းလင်းပေးနိုင်ရန်  တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးများတွင် ထိုင်းဘက်က တာချီလိတ်ရှိ တာဝန်ရှိသူများအား ဆွေးနွေးခဲ့သည်များ ရှိသည်။

ချစ်ကြည်ရေးအမှတ်(၁)တံတားသည် နိုင်ငံခြားသား ခရီးသွားများ နေ့စဉ်ဝင်ရောက်နေသည့် နယ်စပ်ဝင်ပေါက် ထွက်ပေါက်တစ်ခု ဖြစ်သော်လည်း  မြန်မာဘက်တာဝန်ရှိသူများက အဆိုပါ တံတားသို့ ဝန်ကြီးခရီးစဉ်များရှိမှသာ တောင်းရမ်းစားသောက်သူများကို  ခဏတာ ဖယ်ရှားမှုများလုပ်ဆောင်ကြောင်း ဒေသခံများက ဆိုကြသည်။

Tachileik News Agency
Photo - Maesai Tessaban
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~