နမ့်ခမ်းမြို့နယ်ရှိ ဘိန်းစိုက်ခင်း ဧကပေါင်း(၁၀၀၀)ကျော်ကို TNLA ဖျက်ဆီး

နမ့်ခမ်းမြို့နယ်ရှိ ဘိန်းစိုက်ခင်း ဧကပေါင်း(၁၀၀၀)ကျော်ကို TNLA ဖျက်ဆီး

ရှမ်း‌ပြည်နယ်မြောက်ပိုင်း တအာင်းပြည်နယ် နမ့်ခမ်းမြို့နယ်ရှိ ဘိန်းစိုက်ခင်းများကို ၂၀၂၄ခုနှစ် မတ်လ (၄)ရက်နေ့မှစပြီး (၁၂)ရက်နေ့အထိ သွားရောက်ဖျက်ဆီးခဲ့ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)တပ်ဖွဲ့က ဖော်ပြသည်။

သွားရောက်ဖျက်ဆီးခဲ့သည့် ဘိန်းစိုက်ခင်းများသည် ကျေးရွာပေါင်း (၁၅)ရွာရှိ ဘိန်းစိုက်ခင်းပေါင်း(၁၁၂၅)ဧကဖြစ်ပြီး ရက်ပေါင်း(၉)ရက်ကြာ အချိန်ယူ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါကျေးရွာများမှာ တာကွမ့်ကျေးရွာ (၂၈၄ ဧက)၊ ရှောက်ကုန်းကန် (၁၆၄ ဧက)၊ မန်ပန်း (ထက်၊ အောက်) (၁၅၇ ဧက)၊ ကန်ဖာဖို (၁၅ ဧက)၊ အထက်ဆတန်း (၃၂ ဧက)၊ အောက်ဆတန်း (၂၇ ဧက)၊ ပန်ဆေး (၁၅၉ ဧက)၊ ဆန်ချယ် (၅၇ ဧက)၊ မန်မောင်း (၁၁၇ ဧက)၊ မန့်မိုင် (၁၄ ဧက)၊ လျောက်ပန်းကုန်း (၁၉ ဧက)၊ ပုံစာတီ (၁၀ ဧက)၊ ၁၂မိုင် (၃၅ ဧက)၊ ပါင်ဝို (၁၀ ဧက)နှင့် မည်ခမ်း (၂၅ ဧက)တို့ဖြစ်ကြောင်း သိရသည်။

၎င်းဒေသများသည် ယခင်က စစ်ကောင်စီလက်အောက်ခံ ပန်ဆေးပြည်သူ့စစ်များထိန်းချုပ်ခဲ့သည့် ဒေသဖြစ်သည်ဟု ဆိုသည်။

အဆိုပါဒေသတွင် TNLA တပ်ဖွဲ့က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် တစ်ကြိမ်နှင့် ၂၀၂၀ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် တစ်ကြိမ် ဘိန်းစိုက်ခင်းများကို သွားရောက်ဖျက်ဆီးခဲ့ရာ ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ယခုနှစ် မတ်လတွင် ဘိန်းစိုက်ခင်း ဖျက်ဆီးရေးလုပ်ငန်းများကို လုပ်ဆောင်နေကာ ကျန်ရှိနေသော ဘိန်းစိုက်ခင်းများကိုလည်း ဆက်လက်ဖျက်ဆီသွားမည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News