လားရှိုး - မူဆယ်သွားကားလမ်းတွင် ဘိန်းဖြူ ၆.၆ကီလိုနှင့် စိတ်ကြွဆေး တစ်သိန်းကျော် ဖမ်းမိ

လားရှိုး - မူဆယ်သွားကားလမ်းတွင် ဘိန်းဖြူ ၆.၆ကီလိုနှင့် စိတ်ကြွဆေး တစ်သိန်းကျော် ဖမ်းမိ
ဒီဇင်ဘာ 16, 2019
By Tachileik News Agency
လားရှိုး - မူဆယ်သွားကားလမ်းတွင် ဘိန်းဖြူ ၆.၆ကီလိုနှင့် စိတ်ကြွဆေး တစ်သိန်းကျော် ဖမ်းမိ


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး - မူဆယ်သွားကားလမ်း အိုရီယမ်တယ်တိုးဂိတ် အနီးတွင်မော်တော်ယာဉ် ဖြင့်လာသည့် အမျိုးသားတစ်ဦးအား ဘိန်းဖြူ (၆.၆)ကီလိုအပါအဝင် စိတ်ကြွရူးသွပ်ဆေးပြား (၁၂၀၀၀၀)နှင့် အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
လားရှိုး - မူဆယ်သွားကားလမ်း အိုရီယမ်တယ်တိုးဂိတ် အနီးတွင် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့ ညနေ(၄)နာရီ ဝန်းကျင်အချိန်က ကွတ်ခိုင်မြို့ဘက်မှ မူဆယ်မြို့ဘက်သို့ အသက်(၃၀)နှစ်ဝန်းကျင်ရှိ လိကြားကျန် မောင်းလာသည့် မော်တော်ယာဉ်အား ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေး ရှာဖွေရာက မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခြင်း  ဖြစ်ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့မှ စစ်ဆေးရာတွင် ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာပြီး ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် (၆.၆)ကီလို ကို သိမ်းဆည်းရမိပြီး ကပ်ခွာအိတ်များ ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား (၁၂၀၀၀၀)ပြား အပါအဝင် လက်ကိုင်ဖုန်း (၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ မူဆယ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်လှစ်ထားရှိပြီး ကွင်းဆက်တရားခံများကို ဖမ်းဆီးရမိရေးအတွက် ဆက်လက် ဖော်ထုတ်နေလျက်ရှိကြောင်း သိရှိရသည်။ 

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~