ICJ တွင် ရင်ဆိုင်နေသည့် မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့အား ထောက်ခံပွဲကျင်းပသည့် တာချီလိတ်တွင် SNLD ပါတီဆိုင်းဘုတ် ခေတ္တမှားယွင်းကိုင်ဆောင်မိ၍ ပွဲကျင်းပရေးအဖွဲ့ တောင်းပန်

ICJ တွင် ရင်ဆိုင်နေသည့် မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့အား ထောက်ခံပွဲကျင်းပသည့် တာချီလိတ်တွင် SNLD ပါတီဆိုင်းဘုတ် ခေတ္တမှားယွင်းကိုင်ဆောင်မိ၍ ပွဲကျင်းပရေးအဖွဲ့ တောင်းပန်
ဒီဇင်ဘာ 11, 2019
By Tachileik News Agency
ICJ တွင် ရင်ဆိုင်နေသည့် မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့အား ထောက်ခံပွဲကျင်းပသည့် တာချီလိတ်တွင် SNLD ပါတီဆိုင်းဘုတ် ခေတ္တမှားယွင်းကိုင်ဆောင်မိ၍ ပွဲကျင်းပရေးအဖွဲ့ တောင်းပန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းအတွင်း ကျင်းပခဲ့သည့် ICJ တွင် တရားရင်ဆိုင်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို အားပေးဝန်းရံထောက်ခံပွဲတွင် ထောက်ခံသူတစ်ဦးက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်ကို ခေတ္တမှားယွင်း ကိုင်ဆောင်မိသည့်အတွက် ပွဲကျင်းပရေးကော်မတီက ပါတီနှစ်ခုလုံးနှင့် အများပြည်သူသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် တောင်းပန်လိုက်သည်။

ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာလ (၁၀)ရက်နေ့က ကျင်းပခဲ့သည့် ထောက်ခံပွဲတွင် အမျိုးသမီးတစ်ဦးက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဆိုင်းဘုတ် ကိုင်ဆောင်ထားသည့်ဓါတ်ပုံနှင့်ပတ်သက်၍ ပွဲကျင်းပသည့် NLD ပါတီအနေဖြင့် SNLD အား တောင်းပန်ရမည်ဟု SNLD ပါတီ ဗဟိုက ဒီဇင်ဘာလ (၁၀)ရက်နေ့၌ သတင်းမီဒီယာများသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီဆိုင်းဘုတ်ကိုင်တဲ့ ကလေးမလေးက ခရစ်ယာန်အသင်းတော်က ဆရာဦးဇီးလျံရဲ့ရွာက သူက ရှမ်းတိုင်းသားအဖွဲ့ ဆိုင်းဘုတ်ကိုင်မှာကို မှားပြီးကိုင်လိုက်မိတာ။ တွေ့တဲ့အချိန်မှာ ဦးဇီးလျံက လဲပေးလိုက်တယ်။ ဒါပေမဲ့ မီဒီယာထဲမှာ ပါသွားမယ်လို့ သတိမထားလိုက်မိတော့ အဲဒီအချိန်က မပြောလိုက်မိဘူး။ သူတစ်လျှောက်လုံးကိုင်ထားတာက ရှမ်းတိုင်းရင်းသားများအဖွဲ့ ဆိုင်းဘုတ်ကိုပဲ ကိုင်ထားတာ။ နောက်ဒီပွဲကျင်းပတာက ကျွန်တော်တို့ ဦးဆောင်ကျင်းပတာ။ NLD ကဝန်းရံပေးတာပဲ ရှိတယ်”ဟု ပွဲကျင်းပရေးအဖွဲ့မှ စီမံခန့်ခွဲရေးမှူးဖြစ်သူ မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထောက်ခံပွဲဖြစ်မြောက်ရေးအဖွဲ့ကို ဖွဲ့စည်းစဉ်က စည်ပင်သာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းလည်း ပါဝင်သည်ကို တွေ့ရသဖြင့် ထောက်ခံပွဲကို NLD ကပြုလုပ်သည်ဟု SNLD က ယူဆခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“မနေ့က ထောက်ခံပွဲကို ကျွန်တော်တို့ မသွားဘူး။ ဓါတ်ပုံတွေတက်လာတယ်လို့ မေးလာတော့ ကျွန်တော်တို့ မတက်ဘူးပေါ့။ ဆိုင်းဘုတ်ကိုင်ထားတာကလည်း ကျွန်တော်တို့ပါတီက မဟုတ်ဘူးလို့ ဖြေလိုက်တယ်။ နောက် ထောက်ခံပွဲက ပွဲကျင်းပရေးဦးဆောင်အဖွဲ့မှာ NLD မပါဘူးဆိုတာ မနေ့က ဒီကိစ္စဖြစ်တော့ ပွဲကျင်းပရေးအဖွဲ့က ဆက်သွယ်ပြီးရှင်းပြမှသိတာ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်။ စည်ပင်ဝန်ကြီးလည်းပါတော့ NLD က လုပ်တယ်ပဲ ကျွန်တော်တို့က ထင်မိတာပေါ့။ အခုတော့ ပွဲကျင်းပရေးအဖွဲ့က ကျွန်တော်တို့ရုံးကို တောင်းပန်စာ လာပို့မယ်လို့လည်း အကြောင်းကြားထားတာရပါတယ်”ဟု တာချီလိတ်မြို့နယ် SNLD ပါတီ ဥက္ကဌ ဦးစိုင်းနွံတွီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ICJ တွင် တရားရင်ဆိုင်နေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို အားပေးဝန်းရံထောက်ခံပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက် (၇)နာရီခွဲတွင် ရှမ်းရိုးမကွင်းအတွင်း လူစုပြီး စီတန်းချိန်တွင် ပါတီဆိုင်းဘုတ်နှင့် ရှမ်းတိုင်းရင်းသားများအဖွဲ့ဆိုင်းဘုတ်ကို မှားယွင်းကိုင်ဆောင်မိခြင်းဖြစ်သည်ဟု သိရသည်။

“ဆိုင်းဘုတ်တွေရှိနေတာက ကျွန်တော်တို့က ပါတီတွေကိုလည်း ဖိတ်ထားတော့ သူတို့လာခဲ့ရင် အဆင်သင့်ဖြစ်အောင်ဆိုပြီး လုပ်ထားတာ။ အမှတ်တမဲ့ စာမဖတ်ဘဲ ဆိုင်းဘုတ်ကို မှားကိုင်မိသွားတာပါ။ ဒါကိုလည်း သိသိချင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် တာချီလိတ်ကို ဆက်သွယ်ပြီး အကျိုးအကြောင်း ရှင်းပြထားပါတယ်။ တောင်းပန်စာကိုလည်း ပါတီ ဗဟိုကိုရော တာချီလိတ်ရုံးကိုရော ပို့သွားမှာပါ။ နောက် NLD ပါတီကိုလည်း တောင်းပန်စာပို့သွားမှာပါ”ဟု ပွဲကျင်းပရေးအဖွဲ့ စီမံခန့်ခွဲရေးမှူးဖြစ်သူ မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆိုင်းဘုတ်မှားယွင်းကိုင်ဆောင်မိသည့် ထောက်ခံပွဲတက်ရောက်သည့် အမျိုးသမီးကလည်း မှားယွင်းမှုအတွက် တောင်းပန်ကြောင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ရေးသားထားသည်ကိုလည်း တွေ့ရသည်။

ဆိုင်းဘုတ်မှားယွင်းသည့်ကိစ္စနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တာချီလိတ်မြို့နယ်ရုံးသို့ ဒီဇင်ဘာလ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီတွင် ပွဲကျင်းပရေးအဖွဲ့က တောင်းပန်စာပေးပို့မည်ဟု သိရသည်။

Tachileik News Agency

ဆက်စပ်သတင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~