ICJ တွင် တရားရင်ဆိုင်မည့် မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့ကို တာချီလိတ်မှ အားပေးဝန်းရံ

ICJ တွင် တရားရင်ဆိုင်မည့် မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့ကို တာချီလိတ်မှ အားပေးဝန်းရံ
ဒီဇင်ဘာ 10, 2019
By Tachileik News Agency
ICJ တွင် တရားရင်ဆိုင်မည့် မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့ကို တာချီလိတ်မှ အားပေးဝန်းရံ 

ICJ တွင် မြန်မာနိုင်ငံအား တရားစွဲဆိုခံထားရမှုကို သွားရောက်ရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို အားပေးလိုသည့် တာချီလိတ်မြို့ လူထုက အားပေး၊ ထောက်ခံ၊ ဝန်းရံ၊ မေတ္တာပြပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ နံနက် (၇) နာရီခွဲမှစ၍ ရှမ်းရိုးမကွင်းအတွင်း ပြုလုပ်ကြသည်ကို တွေ့ရသည်။

“မနက်က အားပေးထောက်ခံပွဲမှာ လူမှုရေးအသင်းအဖွဲ့တွေ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တွေ၊ အမျိုးသမီးတွေလည်း တော်တော်များများလာကြပါတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေတော့ မတွေ့ဘူး။ ဒါက ပါတီတစ်ခုရဲ့ ခေါင်းဆောင်ကို အားပေးထောက်ခံတာမျိုး မဟုတ်ပါဘူး။ နိုင်ငံ့ခေါင်းဆောင်တစ်ဦးကို နိုင်ငံသားတစ်ဦးအနေနဲ့ အားပေးတာမျိုးလုပ်တာပါ။ အဲဒီပွဲကို ယူနီဖောင်းနဲ့ မသွားရဘူးလို့ ဌာနဆိုင်ရာတာဝန်ရှိသူက တားမြစ်တယ်လို့လည်း ကြားရတာရှိတယ်။ ဒါက ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကမှ ဦးဆောင်တာ မဟုတ်ဘူး။ ကျွန်တော်နဲ့ ဒေါက်တာမြင့်အောင်နဲ့ တိုင်ပင်ပြီး လုပ်ကြမယ်ဆိုတော့ NLD ပါတီက ဝန်းရံကူညီပေးတာတော့ ရှိတယ်။ ပါတီတွေရော ဌာနဆိုင်ရာတွေရော အကုန်ဖိတ်ထားတယ်။ လာတော့ မလာကြဘူး”ဟု အားပေး၊ ထောက်ခံ၊ ဝန်းရံ၊ မေတ္တာပြပွဲဦးဆောင်စီစဉ်သည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အား အားပေး၊ ထောက်ခံ၊ ဝန်းရံ၊ မေတ္တာပြလိုသည့် လူထုက တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် နံနက် (၇)နာရီခွဲမှစ၍ စုရုံးခဲ့ကြပြီးနောက် နံနက် (၉)နာခွဲကျော်တွင် ရှမ်းရိုးမကွင်းမှနေ၍ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း လမ်းလျှောက်ကြကာ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁)ထိပ်ရှိ အဝိုင်းပတ်မှနေ၍ ရှမ်းရိုးမကွင်းသို့ လမ်းလျှောက်ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စား တရားရင်ဆိုင်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား အားပေးဝန်းရံကြောင်း စာတန်းများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ အားပေးဝန်းရံသူများက လမ်းလျှောက်ခဲ့ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင်း လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များကို ဖြေရှင်းရန်ပျက်ကွက်မှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့က တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ဂမ်ဘီယာနိုင်ငံနှင့်အတူ ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့ကလည်း ပူးပေါင်းပါဝင်ကြမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုန့်ပြန်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေရုံးချုပ်နှင့် စစ်ဥပဒေပညာရှင်များပါဝင်သည့် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့(SUICJ) ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် မြန်မာအစိုးရက ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို ဖြေရှင်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ရောက်ရှိနေပြီဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော်မှ ပါဝင်ခြင်းမရှိသော်လည်း တပ်မတော်ဘက်မှ လိုအပ်သည့်ပံ့ပိုးမှုများကို ပြည်တွင်းမှနေ၍ ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဟု ဘီဘီစီသို့ ပြောကြားထားသည်ကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံအား တရားစွဲဆိုထားသည့်အမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ (၁၂) ရက်နေ့အထိ စစ်ဆေးမည်ဖြစ်သည်။

Tachileik News Agency

ဆက်စပ်သတင်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~