ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်းအတွင် လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရသည့် မြန်မာလုပ်သား နစ်နာကြေးရရန် တာချီလိတ်နှင့် ချင်းရိုင်း လူမှုရေးအဖွဲ့များ ပူးပေါင်းကူညီ

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်းအတွင် လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရသည့် မြန်မာလုပ်သား နစ်နာကြေးရရန် တာချီလိတ်နှင့် ချင်းရိုင်း လူမှုရေးအဖွဲ့များ ပူးပေါင်းကူညီ
ဒီဇင်ဘာ 16, 2019
By Tachileik News Agency
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်းအတွင် လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရသည့်  မြန်မာလုပ်သား နစ်နာကြေးရရန် တာချီလိတ်နှင့် ချင်းရိုင်း လူမှုရေးအဖွဲ့များ ပူးပေါင်းကူညီ

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အတွင်းရှိ လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရခဲ့သည့် မြန်မာလုပ်သားအတွက် နစ်နာကြေး ခံစားခွင့် ဘတ် (၁၀) သိန်းကျော်အနက် (၄) သိန်းကျော်ကို  တာချီလိတ်ရှိ CNCMC နှင့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် Mekong Minority Foundation ၊ ချင်းရိုင်းမြို့ တွဲလက်ပရဟိတအသင်း နှင့် တို့၏ ပူးပေါင်းကူညီမှုဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ရရှိသွားကြောင်း သိရသည်။

“သူက တရားဝင် အလုပ်သွားလုပ်တဲ့သူဖြစ်တဲ့အတွက် နစ်နာကြေးရဖို့ ချင်းရိုင်းခရိုင် Mekong Minority Foundation က ရှေ့နေနဲ့ ချင်းရိုင်းမြို့ တွဲလက်ပရဟိတအသင်းတို့ကို ဆက်သွယ်အကူအညီတောင်းတော့ သူတို့ဘက်က ဥပဒေကြောင်းအရ အဓိကလုပ်ပေးပြီး ကျွန်တော်တို့ CNCMC ကတော့ လိုအပ်တဲ့ အချက်အလက်တွေ ပံ့ပိုးပေးတာပါ။ ပထမတော့ လုပ်ငန်းရှင်ကို တရားစွဲရမလိုဖြစ်နေပြီးတော့မှ နောက်လူမှုဖူလုံရေးခံစားခွင့် တစ်လကို ဘတ် (၅၀၀၀)ကျော်ပေးသွင်းရမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ။ အခုက လူမှုဖူလုံရေး (၁၀)နှစ်စာကို တစ်လုံးတစ်ခဲတည်းရဖို့ တောင်းနေရာမှာ အခုက (၅)နှစ်စာ ပေးလိုက်တာပါ။ ကျန်တဲ့(၅)နှစ်စာ ကိုလည်း အမြန် ရနိုင်အောင် ဆက်ကြိုးစားနေပါတယ်။ အခုလိုလုပ်ပေးတဲ့ ကျွန်တော်တို့အဖွဲ့ အပါအဝင် အဖွဲ့အားလုံးက ငွေကြေးလုံးဝမယူဘဲ လုပ်ပေးနေတာပါ”ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC )၏ ဒုတိယဥက္ကဌ ဖြစ်သူ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မြန်မာလုပ်သားမှာ တာချီလိတ်မှဖြစ်ပြီး ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ကျန့်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့က အလုပ်လုပ်နေရင်း မတော်တဆ ဓါတ်လိုက်မှုဖြစ်ခဲ့၍ လက်နှစ်ဖက်နှင့် ညာခြေမ ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ဓါတ်လိုက်သည့် ဒဏ်ရာများ ကုသရေးအတွက် ချင်းရိုင်းခရိုင် ဆေးရုံတွင် တစ်လကြာ ကုသမှုအတွင်း ဆေးကုသစရိတ် ဘတ်(၁)သိန်းကျော် ကုန်ကျခဲ့ပြီး တာချီလိတ်ခရိုင်ဆေးရုံတွင် (၄)လကျော် ကုသမှုခံယူမှုအတွက် ဆေးရုံမှ ဆေးကုသစားရိတ်တောင်းခံခြင်း မရှိကြောင်း ချင်းရိုင်းဆေးရုံတွင် ဆေးကုသစရိတ်များအတွက် အလှူခံပြီး ကူညီရှာဖွေပေးခဲ့သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC )၏ ဒုတိယဥက္ကဌ ဖြစ်သူ ဦးတင့်ဆွေထံမှ သိရသည်။

တရားဝင် အလုပ် လုပ်ကိုင်ခွင့်ဖြင့် သွားရောက်လုပ်ကိုင်သူဖြစ်၍ နစ်နာကြေးများ ခံစားခွင့်ရရှိရေးကို CNCMC  ၏ အကူအညီတောင်းခံမှုဖြင့် ချင်းရိုင်းခရိုင်ရှိ Mekong Minority Foundation အဖွဲ့မှ ရှေ့နေ ချာသရီ ၊ ချင်းရိုင်းမြို့ တွဲလက်ပရဟိတအသင်း ဥက္ကဌ ဦးဆန်းနိုင်တို့က ဆောင်ရွက်ပေးခဲ့ရာ ပထမဆုံးအကြိမ်အဖြစ် လူမှုဖူလုံရေး လစဉ်ထောက်ပံ့ကြေး ဘတ် (၁၁၂၈၄)ကို ဇူလိုင်လ (၂)ရက်နေ့က ရရှိခဲ့ကြောင်း သိရသည်။

လူမှုဖူလုံရေး လစဉ် ထောက်ပံ့ကြေးအစား တစ်လုံးတစ်ခဲတည်း ခံစားခွင့်ရရှိရေး ကြိုးပမ်းမှုကြောင့် (၁၀)နှစ်စာ ပထမအကြိမ် အဖြစ် (၅)နှစ်စာ ခံစားခွင့်ကို ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နစ်နာကြေးရရှိငွေကို ထိခိုက်နစ်နာခဲ့သည့် မြန်မာလုပ်သားနှင့်မိသားစု ကိုယ်တိုင်လက်ခံရရှိနိုင်ရေးအတွက် CNCMC က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - cncmc

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~