တာချီလိတ်မြို့တွင် ဗုံးခွဲသူဟု သတ်မှတ်ခံထားရသည့် လူငယ်တစ်ဦး ပစ်ခတ်ဖမ်းဆီး ခံရ၊ စိုးရိမ်ရသည့် ဒဏ်ရာများဖြင့် ညှင်းပမ်းနှိပ်စက် စစ်ဆေးခံနေရပြီး ပါဝင်ပတ်သက်သူများကို ရှာဖွေ ဖမ်းဆီးနေ

တာချီလိတ်မြို့တွင် ဗုံးခွဲသူဟု သတ်မှတ်ခံထားရသည့် လူငယ်တစ်ဦး ပစ်ခတ်ဖမ်းဆီး ခံရ၊ စိုးရိမ်ရသည့် ဒဏ်ရာများဖြင့် ညှင်းပမ်းနှိပ်စက် စစ်ဆေးခံနေရပြီး ပါဝင်ပတ်သက်သူများကို ရှာဖွေ ဖမ်းဆီးနေ
မေ 28, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ပေါ် တာလော့ရပ်ကွက်အတွင်း အာဏာသိမ်းစစ်အုပ်စုက ပစ်ခတ်ဖမ်းဆီးထားသည့် လူငယ်တစ်ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာများဖြင့် မြသဟာ ဆေးရုံကနေ အခြားနေရာသို့ ခေါ်ဆောင်သွားခံရကာ ပျောက်နေပြီး နောက်ထပ် လူငယ် အနည်းဆုံး (၄)ဦးအထိ ဖမ်းဆီးခံရမှုရှိနေကြောင်း နှင့် ပါဝင်ပတ်သက်သူများကို ရှာဖွေ ဖမ်းဆီးနေကြောင်း သိရသည်။

တာချီလိတ်မြို့၊ တာလော့ရပ်ကွက်အတွင်း ၂၀၂၂ခုနှစ် မေလ(၁၉)ရက်နေ့ ည(၉)နာရီဝန်းကျင်အချိန်က လူငယ်(၂)ဦးဖြစ်သည့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း နှင့် စရဖ [ စရတ(တသခ)ခွဲ(၂)၏ တပ်ဖွဲ့စု(၁) ] မှ ဗိုလ်ကြီး အောင်သီဟထွန်း၏ အမိန့်ဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုအတွင်း လူငယ်(၂)ဦးအနက် ဗုံးခွဲသူဟု  ၎င်းတို့ သတ်မှတ်ထားသည့် ကိုမင်းသူကျော်ဆိုသူသည် ဦးခေါင်းကျည်မှန် ဒဏ်ရာ နှင့် ပေါင်အရင်း(ဆီးခုံ)တို့တွင် ကျည်မှန်ဒဏ်ရာများရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသည့် ကိုမင်းသူကျော်ကို မြသဟာဆေးရုံတွင် အရေးပေါ်ခွဲစိပ်ကုသပြီးနောက် အာဏာသိမ်းစစ်အုပ်စုက အခြားတစ်နေရာသို့ ခေါ်ဆောင်သွားပြီး စိုးရိမ်ရသည့် ဒဏ်ရာဖြင့် စစ်ကြောရေး ပြုလုပ်ခံနေရသည်ဟု သိရသည်။

ပုံမှန်အားဖြင့် ဖမ်းဆီးခံရသည့် ဒဏ်ရာရ လူနာများကို အစိုးရဆေးရုံတွင်သာ ကုသလေ့ရှိသော်လည်း ယခု ဖမ်းဆီးရမိသူသည် အဆွေတော်မီနီမတ် ကို ဗုံးခွဲသူဖြစ်သူဟု ၎င်းတို့ သတ်မှတ်ကာ ကွင်းဆက်များ ဖော်ထုတ်နိုင်ရေးအတွက် ဦးခေါင်းဒဏ်ရာနှင့် ပေါင်အရင်း(ဆီးခုံ) ကျည်ဒဏ်ရာရရှိသည့် လူငယ်ကို အဆွေတော်မီနီမတ်၏ ပုဂ္ဂလိကဆေးရုံဖြစ်သည့်  မြသဟာဆေးရုံတွင် လက်ခံကာ အရေးပေါ်ကုသပေးခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ တစ်ဦးထံက သိရသည်။

"ကျွန်မကြားတာကတော့ အဆွေတော်က သူ မီနီမတ် ဗုံးခွဲခံရပြီးတဲ့နောက် သူ့သိက္ခာထိခိုက်တယ်ဆိုပြီး သူ့ဆိုင်က CCTV မှတ်တမ်းအရရော။ ဘေးနားက CCTV မှတ်တမ်းအရရော ဗုံးခွဲတဲ့ အဖွဲ့ကို ရအောင်ဖမ်းခိုင်းထားတယ်လို့ကြားတယ်။ အခု ပစ်ခတ်ဖမ်းမိတဲ့ လူငယ်က သူတို့ဆိုင်ကို ဗုံးခွဲတဲ့ လူငယ်လို့ ပြောတာပဲ။ လောလောဆယ်တော့ အသက်အန္တရာယ်စိုးရိမ်နေရပြီး အစအန ပျောက်နေတယ်"ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

၎င်းနှင့်အတူ ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦးကိုလည်း တာချီလိတ်မြို့မရဲစခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

ယင်းအပြင် မေလ(၂၅)ရက်နေ့ နေ့လည်ပိုင်းက စရဖ [ စရတ(တသခ)ခွဲ(၂)၏ တပ်ဖွဲ့စု(၁) ] နှင့် တာချီလိတ်မြို့မရဲစခန်းမှ ခေတ္တနယ်ထိန်းခေါင်းဆောင် တပ်ကြပ်ကြီးအောင်စိုးမိုး နှင့် အဖွဲ့တို့သည် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း အားခေရွာရှိ နေအိမ် တစ်အိမ်တွင် ဝင်ရောက်ရှာဖွေပြီး နေအိမ်အတွင်းမှ လက်နက်နှင့်ကျည်အချို့ကို တွေ့ရှိရသည်ဟုဆိုကာ အဆိုပါ နေအိမ်မှ အသက်(၃၇)နှစ်ဝန်းကျင်ရှိ မမိုးသူဇာဝင်းကို ဖမ်းဆီးပြီး စရဖရုံးတွင် စစ်ကြောရေးပြုလုပ်ကြောင်း သိရသည်။

လက်နက်နှင့်ကျည်အချို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ကိုမင်းသူကျော်နှင့် မမိုးသူဇာဝင်း အပြင် ဖမ်းမမိသေးသည့် နောက်တစ်ဦးတို့ကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၇၈/၂၀၂၂၊ ၂၀၁၄ခုနှစ် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ- ၅၀(ဈ)၊ ၅၁(ဂ)/၅၄ဖြင့် ရဲအုပ်ဝဿန်ကျော်က တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားသည်ဟု သိရသည်။

ဆက်လက်၍ မေလ(၂၇)ရက်နေ့ နေ့လည်ပိုင်းက မကာဟိုခမ်းရပ်ကွက်အတွင်းမှ လူငယ်တစ်ဦး ဖမ်းဆီးခံရသလို မေလ(၂၈)ရက်နေ့ အကူးပိုင်းကလည်း ရန်အောင်မြေရပ်ကွက်အတွင်းမှ အမျိုးသားတစ်ဦး ဖမ်းဆီး စစ်ဆေးခံနေရကြောင်းလည်း သိရသည်။

လက်ရှိတွင်  ဦးခေါင်းကျည်မှန် ဒဏ်ရာ နှင့် ပေါင်အရင်း(ဆီးခုံ)တို့တွင် ကျည်မှန်ဒဏ်ရာများရရှိထားပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများဖြင့် မြသဟာဆေးရုံကနေ အခြားနေရာသို့ ခေါ်ဆောင်သွားခံရာကာ စစ်ဆေးရေးပြုလုပ်ခံနေရသည့် ကိုမင်းသူကျော်သည် စစ်တပ်ထောက်ခံပွဲ နှင့် အောင်မြတ်ခန်းမအပြင် အဆွေတော်မီနီမတ်တို့ကို ဗုံးခွဲသူအဖြစ် ၎င်းတို့က သတ်မှတ်ထားပြီး ပါဝင် ပတ်သက်သူများကို ဖမ်းမိနိုင်ရေးအတွက် လက်ရှိ ဖမ်းဆီးခံရသူများကို ညှင်းပမ်းနှိပ်စစ်ကာ စစ်ကြောရေးပြုလုပ်နေပြီး စုံစမ်းနေသည်ဟု Tachileik News Agency ၏ သတင်းရင်းမြစ်များထံက သိရသည်။