တာချီလိတ်မြို့ရှောင်လမ်း မြေသားလမ်းဖောက်လုပ်နေမှု ၃၀ ရာခိုင်နှုန်းကျော် ပြီးစီး

တာချီလိတ်မြို့ရှောင်လမ်း မြေသားလမ်းဖောက်လုပ်နေမှု ၃၀ ရာခိုင်နှုန်းကျော် ပြီးစီး
ဒီဇင်ဘာ 15, 2019
By Tachileik News Agency
တာချီလိတ်မြို့ရှောင်လမ်း မြေသားလမ်းဖောက်လုပ်နေမှု ၃၀ ရာခိုင်နှုန်းကျော် ပြီးစီး


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ကျပ်သန်းပေါင်း (၁၃၄၃)သန်းဖြင့် အကောင်အထည်ဖေါ်နေသည့် မြို့ရှောင်လမ်းဖောက်လုပ်မှုမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၁5) ရက်နေ့အထိ မြေသားလမ်းဖောက်လုပ်မှု (၃၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

"တစ်ကြောင်းထိုးအနေနဲ့ပဲ ဖောက်နေတာ။ ရာခိုင်နှုန်း (၃၀) ရာခိုင်နှုန်းကျော်ပြီးနေပြီ။ မြေသားလမ်း ဆက်တင်ရဦးမယ်။ လျော်ကြေးပေးဖို့က စာရင်းအရ (၂၉) ကျန်တယ်။ နံမည်တွဲနေတာဆိုတော့ လူဦးရေ (၃၀) ကျန်တယ်။ ဒီဘက်က မစနိုင်သေးတော့ ဦးထွန်အောင်ဂိတ်ဘက်က စလုပ်နေတာ"ဟု  လမ်းဦးစီးဌာနမှ တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် လမ်းနယ်တွင်ပါဝင်မည့် လယ်ယာမြေနှင့် အိမ်ခြံမြေများအတွက် မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးအဖြစ် လန-၃၉ ကျပြီးသည့် အိမ်ခြံမြေ(၄၀x၆၀)တစ်ကွက်လျှင် ကျပ်သိန်း(၁၉၀)၊ လန-၃၉ ကျပြီးသည့် လယ်ယာဥယျာဉ်ခြံမြေ နှင့် မြေလွတ်မြေရိုင်းများအား တစ်ဧကလျှင် ကျပ်သိန်း(၁၉၀)နှုန်းဖြင့် သတ်မှတ်ပေးအပ်နေရာ လျော်ကြေးပေးအပ်ရမည့်သူ (၁၉၆) ဦးအနက် ဒီဇင်ဘာလ (၁၂)ရက်နေ့အထိ လျော်ကြေးမယူသေးသူ (၂၉) ဦး ကျန်နေဆဲဖြစ်သည်။

တာချီလိတ်မြို့ရှောင်လမ်းကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂) အနီးမှနေ၍ မယ်ဆိုင်ချောင်းတလျှောက် စက်မှုဇုန်နှင့် ဝမ်ပုံဖြတ်လမ်း ဦးထွန်းအောင်ဂိတ်အထိ ဖောက်လုပ်မည်ဖြစ်ရာ မြေယာလျော်ကြေးပြီးပြတ်ခြင်း မရှိသေး၍ မြို့ပြင်ဘက်ရှိ ဦးထွန်းအောင်ဂိတ်ဘက်မှ စတင်ဖေါက်လုပ်နေခြင်းဖြစ်ပြီး မြို့တွင်းပိုင်းတွင် လမ်းဧရိယာနှင့်မလွတ်ကင်းသည့် ရွှေဝါနဒီပန်းခြံ စည်းရိုးကို ဖျက်သိမ်းပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့ရှောင်လမ်းဖေါက်လုပ်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်း (၁၃၄၃)ကို ခွင့်ပြုပေးထားခြင်းဖြစ်ပြီး ဒီဇင်ဘာလ (၁)ရက်နေ့မှစ၍ လမ်းဖေါက်လုပ်ခြင်းလုပ်ငန်း စတင်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~