တာချီလိတ်တွင် ပြစ်ဒဏ်စေ့သည့် ထိုင်းနိုင်ငံသား လူငယ်(၆)ဦးကို မြန်မာဘက်က ပြည်နှင်ဒဏ်ပေး

တာချီလိတ်တွင် ပြစ်ဒဏ်စေ့သည့် ထိုင်းနိုင်ငံသား လူငယ်(၆)ဦးကို မြန်မာဘက်က ပြည်နှင်ဒဏ်ပေး
သြဂုတ် 27, 2019
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် အိမ်ငှါးပြီး အွန်လိုင်းဂိမ်းလောင်းကစားဖွင့်လှစ်ထားသည့် ထိုင်းလူငယ်(၆)ဦးအား အရေးယူမှု ပြစ်ဒဏ်စေ့ပြီဖြစ်၍ မြန်မာဘက်မှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့တွင် အမည်ပျက်စာရင်းထည့်သွင်းပြီး ထိုင်းနိုင်ငံ မယ်ဆိုင်သို့ ပြည်နှင်ဒဏ်ပေးလိုက်ပြီဖြစ်သည်။

အသက် (၂၁)နှစ်နှင့် (၂၅)နှစ်အရွယ် ထိုင်းနိုင်ငံသားများဖြစ်ကြသည့် တွီ၊ တီရဆစ်၊ နရအစ်၊ ပိစ်ပန်မ်၊ ချီရဝပ်နှင့် ထိုင်းနိုင်ငံသူ အွန်နွန်တို့က တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၌ နေအိမ်ငှါးရမ်းပြီး အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နကြေသည်ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းဂိမ်းပြုလုပ်နေသည့်၎င်းတို့ (၆)ဦးနှင့်အတူ မော်နီတာ(၁၁)လုံး၊ Mother Box (၇)လုံး၊ UPS (၈)လုံး၊ ကီးဘုတ်(၇)လုံး၊ Mouse(၇)ခု၊ Wifi ဖမ်း/လွှင့်သည့် စက်(၁)လုံး နှင့် ခေါက်စားပွဲခုံ (၅)လုံး အပြင် အွန်လိုင်းဂိမ်းကစားရာတွင် အသုံးပြုသည့် အမျိုးအစား စုံလင်သည့် လက်ကိုင်ဖုန်း (၉)လုံးတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိုင်းနိုင်ငံသား (၅)ဦးနှင့် ထိုင်းနိုင်ငံသူ (၁)ဦးတို့နှင့်အတူ နေအိမ်ငှါးရမ်းပေးသူ ဦးအိုက်ဖတ်တို့ကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၇၂/၂၀၁၉၊ ၁၉၄၇ခုနှစ် လဝကအက် ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅)တို့ဖြင့် အမှုဖွင့်ပြီး ထိုင်းနိုင်ငံသား (၅)ဦးနှင့် ထိုင်းနိုင်ငံသူ (၁)ဦးတို့ကို (ပ) ၇၁/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့်ပါ အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net