မိုင်းယောင်းမြို့  ကြံ့ခိုင်ရေးရုံးအနီးရှိ နေအိမ်တွင် ဗုံးကွဲ၍ တစ်ဦး ဒဏ်ရာရ

မိုင်းယောင်းမြို့  ကြံ့ခိုင်ရေးရုံးအနီးရှိ နေအိမ်တွင် ဗုံးကွဲ၍ တစ်ဦး ဒဏ်ရာရ
ဧပြီ 21, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း၊ မိုင်းယောင်းမြို့ရှိ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအနီးရှိ နေအိမ်တစ်အိမ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ တစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

မိုင်းယောင်းမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်တွင် ယနေ့ ၂၀၂၁ခုနှစ် ဧပြီလ(၂၁)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ အသက်(၆၀)ကျော်အရွယ် ပညာရေးဝန်ထမ်းဟောင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။

"ဘယ်ကနေ ဘယ်လိုပေါက်လဲဆိုတာ မသိဘူး။ အကြောင်းအရာလည်း အတိအကျမသိရသေးဘူး။ လူတစ်ဦးထိသွားတယ်။ အသက်(၆၀)ကျော်"ဟု မိုင်းယောင်းမြို့ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၁)ရက်နေ့ ညပိုင်းတွင် ပြောသည်။

ဒဏ်ရာရရှိသူမှာ လက်ထောက်ပညာရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး၊ နိုင်ငံရေးကင်းရှင်းသူဖြစ်ကြောင်း နှင့် ၎င်းသည် မိုင်းယောင်းမြို့မှာပဲ ပင်စင်ယူထားသူ ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် ဧပြီလအတွင်း ပထမအကြိမ် ဗုံးပေါက်ကွဲမှုအဖြစ် မိုင်းယောင်းမြို့ပေါ် ရပ်ကွက်(၉)အတွင်း ရဲစခန်းအနီးရှိ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)ရုံးတွင် ၂၀၂၁ခုနှစ် ဧပြီလ(၁၃)ရက်နေ့ ည(၉)နာရီဝန်းကျင်အချိန်ကဖြစ်ပွားခဲ့ပြီး ယနေ့ ဧပြီလ(၂၁)ရက်နေ့တွင် တစ်ကြိမ်အပါဆိုလျှင် စုစုပေါင်း တစ်လအတွင်း ဗုံးကွဲမှု (၂)ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။