တာချီလိတ်ရှိ မင်းဂနီးစ် လုပ်ကွက်နှင့် သစ်အချောထည်စက်ရုံကို ပြည်ထောင်စုဝန်ကြီး ကွင်းဆင်း စစ်ဆေး

တာချီလိတ်ရှိ မင်းဂနီးစ် လုပ်ကွက်နှင့် သစ်အချောထည်စက်ရုံကို ပြည်ထောင်စုဝန်ကြီး ကွင်းဆင်း စစ်ဆေး
နိုဝင်ဘာ 22, 2019
By Tachileik News Agency
တာချီလိတ်ရှိ မင်းဂနီးစ် လုပ်ကွက်နှင့် သစ်အချောထည်စက်ရုံကို  ပြည်ထောင်စုဝန်ကြီး ကွင်းဆင် စစ်ဆေး

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စုရှိ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်ရေး လုပ်ကွက်များနှင့် ထိုင်းနိုင်ငံသို့ တင်ပို့မည့် သစ်အချောထည်ထုတ်လုပ်မှုများကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၂၁) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့သည် တာချီလိတ်ရှိ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် လုပ်ကိုင်နေသည့် ကုမ္ပဏီ (၁၀)ခု၏ မိုင်းတွင်းလုပ်ကွက်များအနက် မိုင်းကိုးကျေးရွာအုပ်စု၊ အာရဲဒေသရှိ လုပ်ကွက် (၂) ခုကို သွားရောက် စစ်ဆေးခဲ့ပြီးနောက် ဝဏ္ဏသိန်းသန်းကုမ္ပဏီ ရှင်းလင်းဆောင်တွင် သတ္တုလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ သတ္တုတူးဖေါ်ရာ၌ လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

"တာချီလိတ်ရဲ့ မိုးရေချိန်က (၄၀) လက်မဆိုတော့ ရေစီးကြောင်းနဲ့ တိုက်စားမှုတွေရှိမယ်။ ချောင်းတွေရဲ့ ရေစီးကြောင်းတွေ သေချာသိဖို့လိုတယ်။ စွန့်ပစ်ရေတွေအတွက် အကာအရံတွေလုပ်ဖို့လိုတယ်။ ကုမ္ပဏီတွေရဲ့ လုပ်ကွက်တွေက ထိနေတော့ နယ်ခြားမှတ်တိုင်တွေ သတ်သတ်မှတ်မှတ်ရှိဖို့လိုတယ်။ မဟုတ်ရင် ခိုးတူးတာတွေဘာတွေဖြစ်လာနိုင်တယ်"ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။

ယင်းနောက် ဝမ်လုံးကျေးရွာအုပ်စုရှိ တင်မြင့်ရီသစ်အချောထည်စက်ရုံတွင် ထိုင်းနိုင်ငံသို့ တင်ပို့မည့် သစ်အချောထည်များ ထုတ်လုပ်ထားရှိမှုများကို ကြည့်ရှုကာ ပထမဆုံးတင်ပို့သည့် သစ်အချောထည်တင်ယာဉ် (၈) စီးကို မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) ၌ သွားရောက်စစ်ဆေးသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် တာချီလိတ်သို့ လာရောက်သည့် တစ်ရက်တာ ခရီးစဉ်အတွင်း မယ်ခေါင် ရပ်ကွက်၌ အသစ်ဖွင့်လှစ်ထားသည့် ခရိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံး အဆောက်အဦနှင့် ဆေခမ်းရပ်ကွက်အတွင်းရှိ သစ်တောပျိုးဥယျာဉ်တို့ကိုလည်း စစ်ဆေးခဲ့သည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ  - ဟန်စိုးထိုက်


 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net