တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် COVID 19 ကုသရေး ဆေးနှင့် အထောက်အကူပြု စက်ပစ္စည်းများ ဖြည့်တင်းရေး ဒေသတွင်းမှ ပူးပေါင်းကူညီနေ

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် COVID 19 ကုသရေး ဆေးနှင့် အထောက်အကူပြု စက်ပစ္စည်းများ ဖြည့်တင်းရေး ဒေသတွင်းမှ ပူးပေါင်းကူညီနေ
ဧပြီ 11, 2020
By 🌸
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် COVID 19 ကုသရေး ဆေးနှင့် အထောက်အကူပြု စက်ပစ္စည်းများ ဖြည့်တင်းရေး ဒေသတွင်းမှ ပူးပေါင်းကူညီနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံတွင် COVID 19 ကုသရေးအတွက် ဆေးဝါးနှင့် အထောက်အကူပြုစက်ပစ္စည်းများ ဖြည့်တင်းပြင်ဆင်နိုင်ရေးအတွက် အများပြည်သူ ပူးပေါင်းကူညီမှုများ ရှိလာကြောင်း သိရသည်။

 “ ဆေးရုံမှာ လိုအပ်တာတွေ ပြင်ဆင်ဖို့ ပူးပေါင်းကူညီကြတာ၊ လာလှူကြတာတွေ ရှိနေပါတယ်။ ကျွန်တော်တို့ ဖြစ်လာခဲ့ရင်ပေါ့လေ ကြိုတင်ပြင်ဆင်နေတာက လူနာ (၁၅)ယောက်စာအတွက် ဆေးဝါး၊ လိုအပ်မယ့် စက်ပစ္စည်းတွေပေါ့။ ဆေးတွေကတော့ လူနာ (၁၅)ယောက်စာ မှာထားတယ်။ အခုဆေးရုံက Isolation Room မှာ အထောက်အကူ စက်ပစ္စည်းတွေလည်း တစ်မျိုးစီကတော့ ရှိပါတယ်။ မဖြစ်ခင်ကတည်းက GMS Project က ပို့ထားပြီးသားရှိတယ်။ လူနာ(၄)၊ (၅)ယောက်စာလောက်ပဲပေါ့။ လိုအပ်တဲ့ ကုသရေးအထောက်အကူပြု စက်ပစ္စည်းတွေကတော့ ပြည်နယ်အစိုးရဘက်က တစ်ချို့ ပံ့ပိုးတာလည်း ရှိတယ်။ ဒီဆေးရုံကို လာလှူကြတာကနေလည်း လိုအပ်တာတွေ ဝယ်ဖြည့်နေတယ်။ လိုအပ်တာတွေ၊ ထပ်ဖြည့်ရမှာတွေ ကျွန်တော်တို့ တွက်ချက်စာရင်းပြုစုထားတယ်။ ဖြည့်နိုင်အောင် လုပ်ရမှာပေါ့”

ဟု ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်တွင် နေရပ်ပြန်များအား သီးခြားစောင့်ကြည့်ရေးအပါအဝင် COVID 19 ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု၏ ပူးပေါင်းကူညီမှု ရရှိနေသည့်အပြင် ဆေးရုံတွင် ကုသရေးအတွက် ပြင်ဆင်နိုင်ရန် လှူဒါန်းမှုများလည်းရှိနေရာ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့မှ ဧပြီလ (၇)ရက်နေ့အထိ အလှူရှင်၊ အသင်းအဖွဲ့ စုစုပေါင်း (၆၄) ဦးက ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းထားကြကြောင်း သိရသည်။

“ကျွန်တော်တို့ဒေသမှာ ဖြစ်လာခဲ့ရင် ကုသမှုအပိုင်းမှာ လိုအပ်တာတွေ ဖြည့်တင်းနိုင်ဖို့ တတ်နိုင်သလောက် လှူဒါန်းတာပါ”

ဟု အလှူရှင်တစ်ဦးဖြစ်သည့် Futsal Tachileik ကစားကွင်းပိုင်ရှင် ဦးထွန်းထွန်းဦးက ပြောသည်။

ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကုသရေးဆေးရုံများအဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စဝ်စံထွန်းဆေးရုံ၊ လွိုင်လင်ဆေးရုံနှင့် ကလောဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုးဆေးရုံနှင့် မူဆယ်ဆေးရုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ကျိုင်းတုံနှင့် တာချီလိတ်ဆေးရုံများကို သတ်မှတ်ထားပြီး ကုသရေးအတွက် မဖြစ်မနေ လိုအပ်သည့် ဆေးပစ္စည်း (၁၄)မျိုးကို အစိုးရရန်ပုံငွေဖြင့် ဖြည့်ဆည်းခြင်းကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~