မိုင်းဆတ်မြို့တွင်း ဝမ်ဟုန်းကျောက်ချောလမ်းကို လုပ်ကိုင်ခွင့်ရ ကုမ္ပဏီက ပြန်လည်ပြုပြင်ပေးနေ

မိုင်းဆတ်မြို့တွင်း ဝမ်ဟုန်းကျောက်ချောလမ်းကို လုပ်ကိုင်ခွင့်ရ ကုမ္ပဏီက ပြန်လည်ပြုပြင်ပေးနေ
ဧပြီ 9, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင်း (၉၂၅)ပေအရှည်ရှိသည့် ဝမ်ဟုန်းကျောက်ချောလမ်းအား  ကျပ်သန်းပေါင်း (၁၇)သန်းကျော်ဖြင့် ခင်းကျင်းအပြီး (၁)နှစ်မပြည့်သေးမီတွင် ပျက်စီးမှုများ ဖြစ်ပေါ်နေသည့်အတွက် အဆိုပါလမ်းကို အသုံးပြုနေသည့် ဒေသခံများက ပြောဆိုနေကြသည့် သတင်းများ ထွက်‌ပေါ်လာပြီးနောက်  လမ်းအား လုပ်ပိုင်ခွင့်ရ ကုမ္ပဏီက ပြုပြင်မှုများကို ၂၀၂၁ခုနှစ် ဧပြီလ(၉)ရက်နေ့အထိ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

"လမ်းကို စည်ပင်ဌာနက ပြင်/ထိန်း ပြန်လုပ်ခိုင်းလို့ မြေ‌တွေ ပြန်ချထားချိန်မှာ မိုးရွာလို့ အဲ့လိုဖြစ်သွားတာ။ မိုးရွာနေတော့ လုပ်လို့ အဆင်မပြေလို့ စောင့်နေတာ၊ မိုးတိတ်တာနဲ့ စလုပ်နေတာ လမ်းကြိတ်စက်နဲ့လည်း ပြန်ကြိတ်ထားတယ်။ အကုန်တော့ မပြီးသေးဘူး။ စလုပ်တဲ့အချိန်လည်း ကျောက်ကြီးတွေ သေချာခင်းပါတယ်။ အလွှာလိုက်ပါ။ ဌာနက ကျောက်တွေပေါ်နေလို့ ပြင်/ထိန်း ပြန်လုပ်ပေးပါဆိုတော့ မြေတွေချပြီးနောက် မိုးရွာလို့ အဲ့လို ဖြစ်သွားတာပါ။ အခုတော့ သေချာ ပြန်ပြုပြင်နေပါပြီ"ဟု အဆိုပါ လမ်းအား လုပ်ပိုင်ခွင့်ရရှိခဲ့သည့် Focus Connete ကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 



လုပ်ငန်းဆောင်ရွက်နေစဉ် အချို့လမ်းပိုင်းများတွင် မိုးရွာသွန်းမှုကြောင့် မြေသားများ မခြောက်သေးသည့်အတွက် ကုမ္ပဏီဘက်က သဲများဖြန့်ခင်းထားရချိန်တွင် ပြည်သူများ၏ နံနက်ပိုင်းသွားလာမှုတွင် ဆိုင်ကယ်များ တွန်း၍ သွားလာနေရသေးကြောင်း သိရသည်။

"မြေသားက အကုန်မခြောက်သေးလို့ သဲနဲ့ပြန်ဖြည့်ရတာ မှာသွားအောင်ပါ၊ အဲ့လိုမဟုတ်ရင် လမ်းကြိတ်စက်နဲ့လည်း ကြိမ်မရဘူး"ဟု ကုမ္ပဏီ၏ တာဝန်ရှိသူက ပြောသည်။ 

အဆိုပါလမ်းအတွင် ပျက်နေသည့် နေရာများကို ပြုပြင်ပေးသွားဖို့ကို တောင်းဆိုထားကြသည်။

'အခုလို လမ်းကို လုပ်ပေးနေတာ ကျေးဇူးတင်ပါတယ်။ အခု ဆိုးရွားနေတဲ့ လမ်းတစ်လျှောက် အကုန်လုံးကို လုပ်ပေးသွားဖို့လဲ မျှော်လင့်ပါတယ်။ ကျွန်တော်တို့လည်း နေ့စဉ် ဒီလမ်းကနေပဲ သွားနေရတာ'ဟု မိုင်းဆတ်မြို့ခံ တစ်ဦးက ပြောသည်။

ဝမ်ဟုန်းလမ်းအား မိုင်းဆတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်ငွေ ( ၁၇.၆၁ )သန်းဖြင့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၆)ရက်နေ့က စတင် ခင်းကျင်းရာ ၂၀၂၀ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် လုပ်ငန်းပြီးစီးသော်လည်း ယခုအခါမှာ လုပ်ငန်းပြီးစီးမှု တစ်နှစ်မပြည့်သေးမီမှာ လမ်း၏ အချို့နေရာမှာ ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့်အတွက် စည်ပင်သာယာရေးဌာနက ပြုပြင်ရန် ညွှန်ကြားထားမှုကြောင့် လုပ်ငန်းဆောင်ရွက်နေစဉ် မိုးရွာ၍ လမ်းမှာ ဆိုးရွားသွားခြင်း ဖြစ်ကြောင်း သိရသည်။