ကျိုင်းတုံမြို့မဈေးအတွင်းမှ ဈေးသည်များ ကိုဗစ်ကာကွယ်ဆေးထိုးပြီးမှ ဈေးရောင်းချခွင့်ရှိမည်ဆိုသည်မှာ နားလည်မှု လွဲခြင်းသာဖြစ်

ကျိုင်းတုံမြို့မဈေးအတွင်းမှ ဈေးသည်များ ကိုဗစ်ကာကွယ်ဆေးထိုးပြီးမှ ဈေးရောင်းချခွင့်ရှိမည်ဆိုသည်မှာ နားလည်မှု လွဲခြင်းသာဖြစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မဈေးတွင် ဈေးသည်များအနေဖြင့် Covid-19 ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ရှိမှသာ ဈေးရောင်းခွင့်ရှိမည် ဆိုသည်မှာ နားလည်မှု လွဲခြင်းသာဖြစ်ပြီး ဈေးအတွင်း၌ စစ်ဆေးမှုများ ပြုလုပ်ပါက ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်များကို ပြသနိုင်ရန်အတွက် လက်မှတ်များကို သိမ်းထားရန် နှင့် ဆေးမထိုးရသေးသူများ သွားရောက် ထိုးနိုင်ရန်အတွက်သာ အသိပေးခြင်း ဖြစ်ကြောင်း စည်ပင်သာယာရေးဌာနမှ သိရသည်။



"​ထွေအုပ်က ကြီးကြပ်ပြီး ​စျေးထဲမှာ Covid-19 အတွက် ​ကြော်ငြာတယ်။ မှတ်တမ်းမပြနိုင်ရင် ဈေးရောင်းချခွင့်မပေးဘူးဆိုတာတော့ မဟုတ်ပါဘူး။ ဈေးရောင်းချတဲ့ လူတွေ ကာကွယ်ဆေးကို (၆)ရက်နေ့ နောက်ဆုံးထားထိုးဖို့။ ဈေးရောင်းချသူတွေ ဆေးထိုးထားရင် မှတ်တမ်းတွေ ယူလာဖို့လို့ ပြောတာပါ။ "ဟု စည်ပင်ဝန်းထမ်းတစ်ဦးက တာချီလိတ်သတင်အေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့တွင် မေလ(၆)ရက်နေ့တွင် Covid-19 ကာကွယ်ဆေးသွားရောက် ထိုးနှံရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်ကာ စည်ပင်ဝန်ထမ်းများ အပါအဝင် သက်ဆိုင်ရာများဖြင့် ဈေးအတွင်း လှည့်လည်ကာ အသိပေးခြင်းဖြစ်ရာ လိုက်လံအသိပေးရာတွင် နားလည်မှု လွဲခြင်းကြောင့် ကိုဗစ်ကာကွယ်ဆေးမထိုးပါက ဈေးမရောင်းရ ဆိုသည့် သတင်းစကားများ ထွက်ပေါ်လာကြခြင်း ဖြစ်ကြောင်း သိရသည်။

"ပထမတော့ ကျွန်တော်တို့လည်း ကြားတာက ဈေးသည်တွေ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း မှတ်တမ်းပြမှ ဈေးရောင်းခွင့်ရှိမယ်လို့ ကြားတယ်။ အဲ့ဒါနဲ့ နောက်ရက်မှာ စည်ပင်က လူကို မေးလိုက်တော့မှ သေချာနားလည်တော့တယ်။ အဲ့လို မှတ်တမ်းပြမှဆိုရင် ကာကွယ်ဆေးကို မယုံကြည်လို့ မထိုးတဲ့ ဈေးသည်တွေအတွက်ဆို အဆင်ပြေမှာမဟုတ်ဘူး။ ခုတော့ အဲ့လို မဟုတ်ဘူးဆိုတာ သိရတော့လည်း တော်သေးတာပေါ့ဗျာ။ နောက်ခါဆို ကွဲကွဲပြားပြား အော်ပေးဖို့ အသိပေးဖို့တော့ လိုတယ်လို့ အကြံပြုချင်ပါတယ်ဗျာ"ဟု ကျိုင်းတုံမြို့မဈေးအတွင်းမှ  ဈေးသည်တစ်ဦးက ပြောသည်။

ယခုအခါမှာ ကျိုင်းတုံမြို့တွင် Covid-19 ကာကွယ်ဆေးထိုးပေးသည့် သတ်မှတ်ရက်လွန်သွားသည့်အတွက် နောက်ထပ်မံထိုးပေးလာသည့် အစီအစဉ်များရှိလာပါက သွားရောက်ထိုးနှံပြီးနောက် ရရှိလာသည့် မှတ်တမ်းကို သိမ်းထားရန်လိုကြောင်း စည်ပင်သာယာရေးဌာနက အသိပေးထားရှိသည်။